ကနီ    ၈  ဧပြီ     

 

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နှင့် နယ်စပ်မြို့ဖြစ်သော တမူးမြို့အထိသွားလာနိုင်သည့် မုံရွာ-ယာကြီး -ကလေးဝလမ်းပိုင်းအား ရာသီမရွေးသွားလာနိုင်ရန်အတွက် အိန္ဒိယနိုင်ငံ၏ အကူအညီဖြင့် လမ်းအဆင့် မြှင့်တင်ခြင်း လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိကြောင်း ကနီမြို့နယ် လမ်းဦးစီးဌာနမှ သိရသည်။

           

မုံရွာ-ယာကြီး-ကလေးဝလမ်းသည် အရှည် (၁၁၅)မိုင် (၅)ဖာလုံ ရှည်လျားရာ မုံရွာမြို့မှ ကနီမြို့နယ် ယာကြီးကျေးရွာရှိ လမ်းအရှည် မိုင်(၄ဝ)သည် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို BOT စနစ်ဖြင့် လုပ်ဆောင်လျက်ရှိပြီး ခရီးမိုင် (၄ဝ)မှ (၁၁၅)မိုင်(၅)ဖာလုံ (ယာကြီးမှ ကလေးဝအထိ)ကို အိန္ဒိယနိုင်ငံ၏ အကူအညီဖြင့် လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

 

1

           

ယခုအခါတွင် လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများအဖြစ် Vertical Curve ၊  Horizontal Curve များအား ဖြေလျော့ခြင်း၊ လမ်းကွေ့ဖြောင့်ခြင်း၊ Cutting Filling (ဖြတ်မြေ၊ဖို့မြေ)လုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်းနှင့် လမ်းအဆင့်မြှင့်တင်မှုလုပ်ငန်းများပြီးစီးပါက တောင်ဆင်း/တက်နှင့် လမ်းအကွေ့ အကောက်များနည်းပါးပြီး ယာဉ်မောင်းချိန်လျော့နည်းကာ လိုရာခရီးကို အချိန်တိုအတွင်း သွားလာနိုင်မည် ဖြစ်သည့်အပြင် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ကြား ကုန်စည်စီးဆင်းမှု ပိုမိုမြန်ဆန်သွက်လက်လာမည်ဖြစ်ကြောင်း သိရသည်။

 

မုံရွာ-ယာကြီး-ကလေးဝလမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများအား ခန့်မှန်းကုန်ကျငွေ အမေရိကန် ဒေါ်လာ (၁၈ဝ)ခန့်ဖြင့် ၂ဝ၁၈ ခုနှစ် အောက်တိုဘာလမှ စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး စီမံကိန်းကာလကို (၃)နှစ်ကြာ လုပ်ဆောင်သွားမည်ကြောင်း သိရသည်။

 

သန်းဌေးအောင်(ကနီ)

 

1