မြစ်ကြီးနား   အောက်တိုဘာ   ၁၂

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်    ဒေသတွင်း      ယာယီတိမ်းရှောင်မိသားစုများ      နေထိုင်စားသောက်မှုအဆင်ပြေစေရေး    အခြေခံစားသောက်ကုန်များ  ထောက်ပံ့ပေးလျက်ရှိရာ   ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊  ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ   ယနေ့ မွန်းလွဲ  ၂  နာရီတွင်  မြစ်ကြီးနားမြို့နယ်   ရွှေစက်ရပ်ကွက်အတွင်းရှိ   ယာယီတိမ်းရှောင်စခန်းများမှ အိမ်ထောင်စုများနှင့်  နောင်နန်းကျေးရွာအုပ်စုအတွင်းရှိ  အိမ်ထောင်စုများကို သွားရောက်တွေ့ဆုံပြီး အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးသည်။

ဦးစွာ   ရွှေစက်ရပ်ကွက်အတွင်းရှိ    မြစ်ကြီးနားဇုန်နယ်  လီဆူနှစ်ခြင်းအသင်းတော်များအဖွဲ့  ယာယီတိမ်းရှောင်စခန်းသို့ သွားရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက အဆိုပါစခန်း၌ COC ဘုရားကျောင်း၊    နာဇရပ်အသင်းတော်   ကျမ်းစာကျောင်း၊ ခိုလှုံရာ လူငယ်ပြုစုရေးသင်တန်းကျောင်း၊ ဦးမိုတီရမ်းခြံဝင်းနှင့်ခရစ်တော်၏ အသင်းတော်စခန်းတို့တွင်  ဝိုင်းမော် မြို့နယ်အတွင်းမှ  ယာယီလာရောက် ခိုလှုံနေထိုင်လျက်ရှိသော  အိမ်ထောင်စု   ၁၉၉   စု အတွက် ဆန် ၂၄ ပြည်ပါအိတ် ၁၉၉ အိတ်၊ ဆီ  ၁၉၉ ပိဿာ၊ ကြက်ဥအလုံး ၃၉၈၀ နှင့် ကျောင်းသုံးကိရိယာ ပစ္စည်းများကို ထောက်ပံ့ပေးအပ်ကာ အိမ်ထောင်စုများ၏ တင်ပြချက်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

ထို့နောက် နောင်နန်းကျေးရွာအုပ်စု မော်တောင်း ကျေးရွာအတွင်းရှိ ဂျော်မဆပ်နှစ်ခြင်းခရစ်ယာန် ဘုရားရှိခိုးကျောင်း၌  ဖားကန့်မြို့နယ်အတွင်းရှိ ကျေးရွာများမှ  လာရောက်ခိုလှုံနေထိုင်လျက်ရှိသော အိမ်ထောင်စုများနှင့်    ရင်းရင်းနှီးနှီးတွေ့ဆုံပြီး အိမ်ထောင်စု  ၈၁ စုအတွက် ဆန်  ၂၄  ပြည်ပါအိတ် ၈၁ အိတ်နှင့် ဆီ ၈၁ ပိဿာတို့ကို ထောက်ပံ့ပေးအပ်ကာ စခန်းတာဝန်ရှိသူများနှင့် ကျေးရွာတာဝန်ခံများ၏ အိမ်ထောင်စုများအတွက် ယာယီနေအိမ်ဆောက်လုပ်ပေးနိုင်ရေးနှင့် ကျေးရွာတွင်းလမ်းခင်းပေးနိုင်ရေးနှင့်စပ်လျဉ်း၍ တင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဌာနဆိုင်ရာ  တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)