အေဒင် ဧပြီ ၁၀

 

စစ်မက်ဖြစ်ပွားနေသော ယီမင်နိုင်ငံ တောင်ပိုင်းပြည်နယ်တွင် ပထမဆုံး ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားသူကို တွေ့ရှိခဲ့ပြီး တုံ့ပြန်ကုသရန်အတွက် အရင်းအမြစ်များနည်းပါးသော နိုင်ငံသည် ရောဂါပိုးပျံ့နှံ့မည်ကို စိုးရိမ်လျက်ရှိသည်။

 

ယီမင်အစိုးရအား ကိုရိုနာဗိုင်းရပ်စ်အရေး ကူညီရန်အတွက် တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေးကို ဆောင်ရွက်ခဲ့ကြောင်း ဆော်ဒီဦးဆောင်သော မဟာမိတ်အဖွဲ့က ကြေညာခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ရေးဆိုင်ရာ ယီမင်အမျိုးသားအရေးပေါ် ကော်မတီ က နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ပထမဆုံးအကြိမ် ဖြစ်ပွားမှုကို ဟာဒရာမော့ပြည်နယ်တွင် တွေ့ရှိခဲ့ကြောင်း ပြောကြားသည်။ နိုင်ငံတကာအသိအမှတ်ပြု အစိုးရအဖွဲ့ ဖြစ်သည့် သမ္မတ အဒါဘိုမန်ဆာဟာဒီ အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဖွဲ့စည်းထားသော ထိုကော်မတီက ယခုပထမဆုံး ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိရသည့် လူနာမှာ အခြေအနေတည်ငြိမ်ပြီး ကုသမှုခံယူလျက်ရှိကြောင်း ပြောကြားသည်။

 

အဆိုပါလူနာနှင့် နီးစပ်သောသူများအား သီးခြားခွဲ၍ စောင့်ကြည့်နေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောကြားသည်။ ကိုရိုနာဗိုင်းရပ်စ်ရောဂါသည် ယီမင်နိုင်ငံ၏ ချို့ယွင်းနေသော ကျန်းမာရေးစနစ်အား ရိုက်ခတ်နေပြီး ကိုရိုနာဗိုင်းရပ်စ်၏ အကျိုးသက်ရောက်မှုအနေဖြင့် ယီမင်နိုင်ငံတွင် ပျက်စီးဆုံးရှုံးမှုများ အများအပြားဖြစ်ပွား နိုင်သည်။ ယီမင်နိုင်ငံ၏ ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများမှာ ထက်ဝက်ခန့်သာ စောင့်ရှောက်မှုပေးနိုင်ပြီး နိုင်ငံ၏ လူဦးရေသန်း ၃၀ အတွက် အသုံးပြုရန် အသက်ရှူ အထောက်အကူပြု ကိရိယာ အခု ၅၀၀ သာရှိသည်။ ယခုနှစ်အစပိုင်းမှစတင်ပြီး အစိုးရတပ်ဖွဲ့များနှင့် ဟူသီ သူပုန်များအကြား တိုက်ခိုက်မှုများ ဖြစ်ပွားလျက်ရှိသဖြင့် နိုင်ငံအတွင်းရှိ လူသန်းပေါင်းများစွာသည် နေရပ်များကို စွန့်ခွာနေကြပြီး သန့်ရှင်းသော ရေရှားပါးမှုကြောင့် ဝမ်းရောဂါ ဖြစ်ပွားနေသည်။ နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် ယီမင်ပြည်သူများအား ကာကွယ်ရန်ဆောင်ရွက် ရမည်ဖြစ်ကြောင်း ယူအေအီးနိုင်ငံခြားရေး ဝန်ကြီး အန်ဝါဂါဂတ်ရှ်က ပြောကြားသည်။

 

ကိုးကား-အေအက်ဖ်ပီ
ဘာသာပြန်-စိုးသူရ