ယခုနှစ်ဇန်နဝါရီလမှ မတ်လအတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားသားခရီးသည် ၃ သိန်းခွဲ ဝင်ရောက်ခဲ့

ရန်ကုန် မေ ၉

ယခုနှစ် ဇန်နဝါရီလမှ မတ်လအတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားသားခရီးသည် ၃သိန်းခွဲဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာန၊ ကြီးကြပ်မှုဌာနခွဲမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

"မြန်မာနိုင်ငံကိုလာတဲ့ ပြည်ပနိုင်ငံသားဝင်ရောက်မှု တစ်နိုင်ငံလုံးဆိုရင် ၃သိန်းခွဲရှိတယ်။ ဇန်နဝါရီလက မတ်လအထိပေါ့နော်။ visaနဲ့အများဆုံးဝင်တာက တရုတ်ရှိတယ်၊ ဒုတိယအများဆုံးထိုင်းပေါ့။ အရင်နှစ်နဲ့စာရင် များခဲ့တာပေါ့"ဟုယင်း‌က ပြောကြားသည်။

ယခု ခရီးသွားရာသီကာလတွင် ပြီးခဲ့သည့် ခရီးသွားရာသီထက်နှိုင်းယှဉ်ပါက နိုင်ငံခြားသား ခရီးသွားဝင်ရောက်မှုမှာ ပြန်လည်မြင့်တက်လာခဲ့ကြောင်း အဆိုပါတာဝန်ရှိသူက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ခရီးသွားရာသီရာသီဖြစ်သည့် ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ပွင့်လင်းရာသီကာလမှစ၍ ပြည်တွင်း၊ ပြည်ပခရီးသွား ဝင်ရောက်မှုပြန်လည်များပြားခဲ့ကာ ပြည်တွင်းခရီးသွား လည်ပတ်မှုမှာ အောက်တိုဘာ လအတွင်း မြင့်တက်ခဲ့ပြီးနောက် နိုဝင်ဘာလအတွင်း အနည်းငယ် ပြန်လည်ကျဆင်းခဲ့သော်လည်း ဒီဇင်ဘာလ New Year ကာလတွင် ပြန်လည်မြင့်တက်ခဲ့သည်။  ၂၀၂၄ခုနှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လ၊ ဧပြီလတို့တွင်လည်း များပြားခဲ့သည်။ သက်ြန်ကာလအတွင်း ခရီးသွားရောက်မှု အများဆုံးဖြစ်ခဲ့ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူက ပြောကြားထားသည်။

ယခုနှစ်ခရီးသွားရာသီကာလအတွင်း ခရီးသွားအများစုမှာ မန္တလေး၊ ပုဂံ၊ အင်းလေး၊ ကလော၊ ကျိုက်ထီးရိုး၊ အစရှိသဖြင့်နေရာဒေသများအပြင် ကမ်းခြေခရီးစဉ်များဖြစ်သည့် ချောင်းသာ၊ ငွေဆောင်၊ ကမ်းခြေခရီးစဉ်နေရာအသစ်များသို့လည်း သွားရောက်လည်ပတ်မှုများခဲ့ကြောင်း သိရသည်။

ခရီးသွားရောက်မှု အမြင့်ဆုံးကာလဖြစ်ခဲ့သည့် ယခုနှစ်သင်္ကြန်ကာလ၌  ချောင်းသာ၊ ငွေဆောင်ဒေသများသို့ ခရီးသွားလာမှုများခဲ့၍ ကြိုတင်စီစဉ်ထားများအနေဖြင့်သာ  အခန်းရသော်လည်း အခန်းမရသူများအနေဖြင့်  ကမ်းခြေအသစ်များနှင့် နေ့ချင်းပြန်ခရီးသွားခြင်းများရှိကြောင်း သိရသည်။

MT