ယခုနှစ်မန္တလေးသင်္ကြန်တွင် ယိမ်းအကပြိုင်ပွဲကျင်းပမည်

မန္တလေး ၂၁ ဇန်နဝါရီ


ယခုနှစ် မန္တလေးသင်္ကြန်တွင် ယိမ်းအကပြိုင်ပွဲများ ပါဝင်မည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှသိရသည်။


မန္တလေးမြို့သင်္ကြန်သည် တစ်ခေတ်တစ်ခါက မြန်မာ့ရိုးရာ ယိမ်းအကများဖြင့် မြိုင်မြိုင်ဆိုင်ဆိုင်ရှိခဲ့သည့်အတွက် ယခုလိုပြန်လည်ထည့်သွင်းခြင်းဖြစ်ကြောင်း သိရသည်။


‘တစ်ခေတ်တစ်ခါက မန္တလေးသင်္ကြန်ဟာ ယိမ်းအကတွေနဲ့လည်းမြိုင်မြိုင်ဆိုင်ဆိုင်ရှိတယ်။ ယိမ်းအကပြိုင်ပွဲထည့်ပါမယ် ။ ရပ်ကွက်အလိုက်ယိမ်းပြိုင်ပွဲတွေ ထည့်ဖို့စီစဉ်ထားတယ်’ဟု မန္တလေးမြို့ တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။


ယိမ်းအကပြိုင်ပွဲကို မန္တလေးမြို့ မနော်ရမ္မတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး သံချပ်ပြိုင်ပွဲများလည်း ကျင်းပမည်ဖြစ်ကြောင်း သိရသည်။


ယိမ်းအကပြိုင်ပွဲကို ပထမဆု ငွေကျပ် ၁၅ သိန်း ၊ ဒုတိယဆု ငွေကျပ် ၁၂ သိန်း ၊ တတိယဆု ငွေကျပ် ၁၀ သိန်း ၊ အထူးဆု ၇ ဆုပေးမည်ဖြစ်ပြီး တစ်ဆုကို ငွေကျပ် ၅ သိန်း ဆုချီးမြှင့်မည်ဖြစ်သည်။


သင်္ကြန်ပွဲတော်ကို ဧပြီလ ၁၃ ရက်မှ ၁၇ ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး လမ်းလျှောက်သင်္ကြန်၊ တိုင်းရင်းသားများ စုပေါင်းသြင်္ကန်ပွဲတော်များကို ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်းလည်း သိရသည်။


အိမို့မို့ခိုင်