ယင်းမာပင် ၂  ဧပြီ      

 


စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ရေလျှံဇုန်အတွင်းရှိ ယင်မာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်တို့တွင် မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများနှင့် လယ်ယာမြေများတွင် ပုဂ္ဂလိကပိုင်ရေလျှံတွင်းပေါင်း ၂၄၁၄ တွင်း အသုံးပြုလျက်ရှိပြီး ၄င်းတွင်းများမှ မြေအောက်ရေလေလွင့်ဆုံးရှုံးမှုကို ထိန်းသိမ်းနိုင်ရန် အထောင်ပိုက်များနှင့် ရေဂိတ်ဘားများကို ၂ နှစ်အတွင်း အပြီးလုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ယင်းမာပင်ခရိုင် ရေအရင်းအမြစ် အသုံးချရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမောင်မောင်သန်းထံမှ သိရသည်။

 


ယင်းမာပင်ရေလျှံဇုန်အတွင်းရှိ ပုဂ္ဂလိကပိုင် စိုက်ပျိုးရေလျှံတွင်း ၁၁၁၆ တွင်းမှ နှစ်စဉ် တစ်နေ့လျှင် ရေဂါလန် ၄၁ သန်းခန့်နှင့် သောက်သုံးရေတွင်း ၁၂၉၈ တွင်းတို့မှ တစ်နေ့လျှင် ရေဂါလန် ၂၄သန်းခန့် လေလွင့်ဆုံးရှုံး လျက်ရှိနေကြောင်း ရေအရင်းအမြစ် အသုံးချရေးဦးစီးဌာန၏ စစ်တမ်းကောက်ယူတွေ့ရှိချက်အရ သိရသည်။ 

 


ယင်းမာပင်ရေလျှံဇုန်အား ရေရှည်အသုံးပြုနိုင်ရန်၊ လေလွင့်ဆုံးရှုံးလျက်ရှိသော မြေအောက်ရေများကို စနစ်တကျ ထိန်းသိမ်းပြီး စဉ်ဆက်မပြတ် အသုံးပြုနိုင်ရန်အတွက် အထောင်ပိုက်များနှင့် ရေဂိတ်ဘားများ အကောင်အထည်ဖော် ဆောင်ရွက်ရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

 


" ၉၉ ကန်စီမံကိန်းထဲမှာပါတဲ့ ရေလျှံတွင်းတွေကတော့ အားလုံတပ်ဆင်ပြီးပါပြီ၊ အခုလုပ်မယ့် အစီအစဉ်က တောင်သူတွေရဲ့ သီးနှံစိုက်ပျိုးရန် ကိုယ်ပိုင်တူးဖော်ထားသော ရေလျှံတွင်းတွေကို အထောင်ပိုက်များနှင့် ရေဂိတ်ဘား များ တပ်ဆင်ပေးဖို့ စီစဉ်ထားတာပါ။ ဒီလိုဆောင်ရွက်နိုင်ဖို့အတွက် ဒေသခံတောင်သူများနှင့် ပြည်သူတွေကို ၂၀၁၈ ခုနှစ်၊ ဇွန်လလောက်ကနေ ဒီနေ့အထိ ကွင်းဆင်းအသိပညာပေးမှု ၁၄ ကြိမ်လုပ်ဆောင်ပြီး ရေလျှံတွင်းပေါင်း ၂၀ဝ၀ ကျော်ကို စိစစ်တွေ့ရှိရပါတယ်။ ရေလျှံတွင်းသုံးသူ အတော်များများကတော့ ရေကိုဒီအတိုင်းလွှတ်ထားတော့ လေလွင့်ဆုံးရှုံးမှုများတယ်။ ရေထွက်မှုများပြီး အထောင်ပိုက်များနှင့် ရေဂိတ်ဘားများတပ်ဆင်ပြီး ထိန်းသိမ်းလုပ်မပေးရင် ရေလျှံဇုန်က ရေထွက်မှု တဖြည်းဖြည်း လျော့ကျလာပြီး ရေရှည်မှာ ကွယ်ပျောက်နိုင်မည့် အခြေအနေရှိလာပါပြီ။ အချို့ကတော့ ကိုယ်အသိနဲ့ အထောင်ပိုက်များနှင့် ရေဂိတ်ဘားများ တပ်ဆင်အသုံးပြုကြတယ်။ အတော်များများ ကတော့  လိုက်နာမှုအားနည်းပါသေးတယ်။ ရေရှည်တည်တံ့ပြီး အကျိုးရှိအောင်အသုံပြုနိုင်ရန်အတွက်ကတော့ ဒေသခံ တောင်သူများနှင့် ပြည်သူများ ပူးပေါင်းပါဝင်ဖို့ လိုပါတယ်။ ဒီလိုပါဝင်ဖို့ကို ကျွန်တော်တို့ကလည်း ကြိုးစားစည်းရုံး ဟောပြောမှုတွေကို အရှိန်အဟုန်နဲ့ လုပ်ဆောင်နေပါတယ်"ဟု ယင်းမာပင်ခရိုင် ရေအရင်းအမြစ် အသုံးချရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမောင်မောင်သန်းက ပြောသည်။

 


၂၀၁၉ ခုနှစ်အတွင်း ပုဂ္ဂလိကပိုင် ရေလျှံတွင်း ၉၈၃တွင်းတို့အား အထောင်ပိုက်များနှင့် ရေဂိတ်ဘားများ အပြီးတပ်ဆင်ပေးသွားမည်ဖြစ်ကြောင်းနှင့် ကျန်တွင်းများကို ၂၀၂၀ ခုနှစ်အတွင်း အပြီးတပ်ဆင် ပေးသွားမည်ဖြစ်ကြောင်းသိရသည်။  အဆိုပါ ယင်းမာပင်ရေလျှံဇုန်မှာ တောင်မြောက် ၃၂ မိုင်ခန့်၊ အရှေ့အနောက် ၂၄ မိုင်ခန့်ထိ ကျယ်ဝန်သော သဘာဝရေအရင်းအမြစ်အဖြစ် တည်ရှိနေသောရေလျှံဇုန်ဖြစ်ကြောင်း သိရသည်။

 


သန်းဌေးအောင်(ကနီ)

 

ewf