ယင်းမာပင် ၃ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် အတွင်းရှိ ကနီမြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်တို့မှ ကျေးရွာ(၁၀) ရွာ၌ နွေရာသီတွင် မြေအောက်ရေကိုစုပ်ယူပြီး စိုက်ပျိုးရေလုံလောက်စွာရရှိစေရေးအတွက် ယင်းမာပင်ခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲမှုဦးစီးဌာန(ရေအရင်းအမြစ်)မှ ရေစုပ်စက်များကို တပ်ဆင်ပေးခဲ့ကြောင်း သိရသည်။
"အနက် ပေ ၃၀ဝရှိ မြေအောက်ရေတွင်းများကို ကျေးရွာများတွင် တူးပေးပြီးသွားတဲ့အတွက် နွေသီးနှံအမှီ စိုက်ပျိုးရေ အသုံးပြုနိုင်ရေး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ပူးပေါင်း၍ ကမ္ဘာ့ဘဏ်ချေးငွေ (IRM) အစီအစဉ်ဖြင့် ရေစုပ်စက်များ ဝယ်ယူပြီး ရေတွင်း (၁၁)တွင်းအတွက် မြင်းကောင်ရေ ၁၂ ကောင်အားအင်ဂျင်နဲ့ ၄ လက်မပန့် (၁၁)စုံ၊ အချို့နေရာတွေမှာ ရေတွင်းတူးဖို့ အခက်အခဲရှိပြီး ရေတင်လို့ ရတဲ့ နေရာတွေအတွက်ကျတော့ ၂၈ ကောင်အားရှိ အင်ဂျင်နဲ့ ၆ လက်မပန့် ၅ စုံကို ထုတ်ပေးထားပါတယ်။ ရေစုပ်စက်များကို ရေရှည်အသုံးပြုနိုင်ရန် စနစ်တကျ ကိုင်တွယ်အသုံးပြုဖို့တော့ လိုပါတယ်။ ဒါကြောင့် ရေစုပ်စက်တပ်ဆင်ဖို့နေရာတွေနဲ့ ရေသွယ်မြောင်းတွေလည်း တည်ဆောက်ပေးထားပါတယ်"ဟု ယင်းမာပင်ခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲမှုဦးစီးဌာန (ရေအရင်းအမြစ်)မှ ခရိုင်ဦးစီးမှူး ဦးမောင်မောင်သန်း က ပြောသည်။
အခုရေစုပ်စက်များ တပ်ဆင်ပေးသည့် ကျေးရွာများသည် ၂၀၁၅ ခုနှစ်က ရေကြီးရေလျှံမှုဖြစ်ပွားမှုကြောင့် ချင်းတွင်းမြစ်ရေကြောင်းများ ပြောင်းလဲသွားပြီး သောင်းထွန်းမှုများ ဖြစ်ပေါ်ကာ ချင်းတွင်းမြစ်မှ စိုက်ပျိုးရေရရှိရန် ခက်ခဲလာသဖြင့် မြေအောင်ရေတွင်းများတူးပေးပြီး စက်တပ်ဆင်ပေးခြင်းဖြစ်ပါတယ်" ဟု ယင်းမာပင်ခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲမှုဦးစီးဌာန(ရေအရင်းအမြစ်)မှ ခရိုင်ဦးစီးမှူး ဦးမောင်မောင်သန်း၏ ပြောပြချက်အရ သိရသည်။
ကနီမြို့နယ်အတွင်းရှိ တဇယ်ချောင်၊ ညောင်ပင်ဝန်း၊ ပန်းဆိုင်း၊ နတ်ကြီး၊ ဝယာ၊ ရသယာနှင့် ဝက်ချောင်း ကလေးကျေးရွာတို့တွင်လည်းကောင်း၊ ဆားလင်းကြီးမြို့နယ် အတွင်းရှိ ခံကုန်း၊ ကန်သာယာနှင့် သန်လျက်ကိုင်း ကျေးရွာတို့တွင် တူးဖော်တပ်ဆင်ပေးခြင်းဖြစ်ကြောင်းနှင့် ယင်းရေစုပ်စက်များတပ်ဆင်ပြီးစီးကာ နွေသီးနှံ ၁၆၇ ဒသမ ၅၈ ဧကကို စိုက်ပျိုးရေ အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
သန်းဌေးအောင်(ကနီ)


