နေပြည်တော် စက်တင်ဘာ ၂၉

ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ဦးဆောင်ကော်မတီဥက္ကဋ္ဌ သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များ အသင်းနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့မှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်နှင့် ဦးစီးဌာနများမှ ဦးဆောင် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် ဓာတ်မြေဩဇာတန်ချိန် ၁ ဒသမ ၆ သန်းနှင့် ပိုးသတ်ဆေးတန်ချိန် ၃၂၀၀၀ တင်သွင်းနိုင်ရေး လျာထားသတ်မှတ်ချက်အရ ဦးဆောင်ကော်မတီအနေဖြင့် ဧပြီမှ စက်တင်ဘာအထိ ခြောက်လအတွက် မြေဩဇာတန်ချိန် ၁၀၂၃၇၆၁ ဒသမ ၄၃ တန်နှင့် ပိုးသတ်ဆေးတန်ချိန် ၁၉၅၁၅ ဒသမ ၇၆ တန်ကို ကုမ္ပဏီအလိုက် သွင်းကုန်လိုင်စင်ရရှိနိုင်ရေး ထောက်ခံပေးထားပြီးဖြစ်ပါကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ လိုင်စင်ထုတ်ပေးမှုအနေဖြင့် ဩဂုတ်လကုန်အထိ မြေဩဇာတန်ချိန် ၉၈၆၁၆၈ ဒသမ ၂၁၆ တန်၊ ပိုးသတ်ဆေးတန်ချိန် ၂၆၅၈၇ တန် ရှိပြီး မြေဩဇာ တန်ချိန် ၃၆၁၂၄၅ ဒသမ ၄၃၉ တန်၊ ပိုးသတ်ဆေး တန်ချိန် ၁၀၁၅၀ ဒသမ ၉၁၈ တန် အမှန်တင်သွင်း နိုင်ခဲ့ကြောင်း။

မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များ အသင်း၏ စက်တင်ဘာ ၂၀ ရက် စိစစ်တင်ပြချက်အရ မြေဩဇာသွင်းကုန်လိုင်စင် ရရှိမှုအနေဖြင့် တန်ချိန် ၈၁၁၈၁၂ ဒသမ ၀၅ တန်၊ အမှန်တင်သွင်းမှုအနေဖြင့် တန်ချိန် ၅၇၄၇၀၄ ဒသမ ၂၈ တန်၊ ဖြန့်ဖြူးရောင်းချပြီးမှုအနေဖြင့် တန်ချိန် ၄၇၁၈၁၁ ဒသမ ၄၉ တန်၊ ဂိုဒေါင်လက်ကျန်အနေဖြင့် တန်ချိန် ၂၅၃၄၃၁ ဒသမ ၈၆ တန်ရှိပါကြောင်း၊ ပိုးသတ်ဆေးအတွက် လိုင်စင်ရပြီးတန်ချိန် ၁၄၅၅၉ ဒသမ ၃၅ တန်ရှိပြီး အမှန်တင်သွင်းမှုအနေဖြင့် တန်ချိန် ၁၆၉၃၈ ဒသမ ၁၆ တန်၊ ဖြန့်ဖြူးရောင်းချ ပြီးမှုအနေဖြင့် တန်ချိန် ၁၂၂၀၆ ဒသမ ၅၀ တန်၊ ဂိုဒေါင်လက်ကျန်အနေဖြင့် တန်ချိန် ၁၀၆၂၂ ဒသမ ၅၄ တန် ရှိပါကြောင်း။

နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ပန်းတိုင်အထွက်နှုန်း ပြည့်မီစေရေးအတွက် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ ဆောင်ရွက်ပေးနေသကဲ့သို့ ထိုစီမံကိန်းနှင့် အကျုံးမဝင်သည့် တောင်သူများ လိုအပ်သည့် ဓာတ်မြေဩဇာများကို တောင်သူလက်ဝယ်အရောက် သီးနှံပေါ်ပေးစနစ်ဖြင့် လိုချင်သည့် Brand အမှတ်တံဆိပ်အရ ဩဂုတ်လအတွင်း ယူရီးယား ၂၇၄၀၄ ဒသမ ၅၀ တန်၊ ကွန်ပေါင်း ၁၆၂၆၀ ဒသမ ၇၅ တန် စုစုပေါင်းတန်ချိန် ၄၃၆၆၅ ဒသမ ၂၅ တန်ကို ဖြန့်ဖြူး ရောင်းချပေးခဲ့ပါကြောင်း၊ စက်တင်ဘာလ ဆက်လက်ဆောင်ရွက်ရန် တိုင်းဒေသကြီးများသို့ Demand တောင်းခံခဲ့ရာ နေပြည်တော်နှင့် ပဲခူး၊ မန္တလေး၊ ရန်ကုန်၊ ဧရာဝတီတိုင်းဒေသကြီး လေးခု၏ တင်ပြချက်အရ ၃၉၆၄၈ ဒသမ ၅၅ တန် ရှိပါကြောင်း။

ကော်မတီဝင်ဌာနများအနေဖြင့် အရည်အသွေး မှန်ကန်ရေး စစ်ဆေးပေးရန်နှင့် ဓာတ်မြေဩဇာ အရောင်းဆိုင်များအား ရန်ကုန်အထိုင် ရည်ညွှန်း ဈေးနှုန်းကိုအခြေခံပြီး ဒေသအလိုက် သယ်ယူပို့ဆောင် စရိတ်နှင့် အရောင်းဆိုင်အမြတ်တို့အပေါ် ပိုမိုရောင်းချ နေမှု ရှိ/မရှိ၊ သွင်းအားစုများ သိုလှောင်ပြီး ဈေးကစား ခြင်းများ ရှိ/မရှိ တို့ကို စစ်ဆေးဆောင်ရွက်ပေးရန် မှာကြားလိုပါကြောင်း၊ ဦးဆောင်ကော်မတီ၏ ရည်ရွယ်ချက်အတိုင်း ဓာတ်မြေဩဇာများ အချိန်မီ ရရှိရေး၊ ဈေးနှုန်းသက်သာစေရေး၊ အရည်အသွေး မှန်ကန်စေရေးတို့အတွက် သက်ဆိုင်ရာဌာနများက ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဦးဆောင်ကော်မတီအတွင်းရေးမှူးက ဩဂုတ်လအတွက် တောင်သူလက်ဝယ်အရောက် ဖြန့်ဖြူးရောင်းချခဲ့မှုကိုလည်းကောင်း၊ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေး ဆေးလုပ်ငန်းရှင်များ အသင်း ကိုယ်စားလှယ်က သွင်းအားစုများ ဝယ်ယူတင်သွင်း ဖြန့်ဖြူးနေမှုကိုလည်းကောင်း ရှင်းလင်း တင်ပြကြပြီး တက်ရောက်လာကြသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဝိုင်းဝန်းဆွေးနွေး တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်