ဘာလင်နိုင်ငံတကာလေဆိပ်သစ် ကို လျာထားတဲ့  အချိန်ထက် ၉ နှစ်နောက်ကျပြီး ဖွင့်လှစ်

၁ နိုဝင်ဘာ

 

ဂျာမနီနိုင်ငံ ဘာလင်နိုင်ငံတကာလေဆိပ်သစ်ကို မူလသတ်မှတ်ထားတဲ့ အချိန်ထက် ၉ နှစ်နောက်ကျပြီး စနေနေ့က ဖွင့်လှစ်ခဲ့ပါတယ်။ ဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှုနဲ့ လေဆိပ်တည်ဆောက်ရေးအတွက် ဘဏ္ဍာငွေ အမြောက်အမြား သုံးစွဲမှုကြောင့် လေဆိပ်သစ်ဖွင့်လှစ်ချိန် နောက်ကျခဲ့တာလို့ သိရပါတယ်။

 

ဘာလင်နိုင်ငံတကာ လေဆိပ်သစ်ကို မူလက  ၂၀၁၁ ခုနှစ် မတ်လတွင် ဖွင့်လှစ်ဖို့ လျာထားခဲ့ပေမယ့် အဆင်မပြေမှုတွေကြောင့် ၁၀ နှစ်နီးပါး နောက်ကျပြီးမှ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

 

လေဆိပ်တည်ဆောက်ရန် နေရာကို အတည်ပြုပြီး ၁၄ နှစ် အကြာမှာ စတင် ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။

 

အခုဖွင့်လှစ်တဲ့ လေဆိပ်ဟာ ဘာလင်ရှိ လေဆိပ်ဟောင်းနှစ်ခုကို အစားထိုးမယ်လို့ ဆိုပါတယ်။

 

လေဆိပ်သစ်ရဲ့ အမည်ကို ဝန်ကြီးချုပ်ဟောင်း ဝီလီ ဘရန့် အမည်ကို ပေးထားကြောင်း သိရပါတယ်။ ဝီလီ ဘရန့်ဟာ  အရှေ့ဂျာမနီနဲ့ ပြန်လည်ပူးပေါင်းရေး လုပ်ဆောင်နိုင်ခဲ့တဲ့ အနောက်ဂျာမနီဝန်ကြီးအဖြစ် ၁၉၆၉ မှ ၁၉၇၄ ခုနှစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ ဝန်ကြီးချုပ်ဟောင်း ဝီလီဘရန့်ဟာ ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်လည်း ဖြစ်ပါတယ်။

 

လေဆိပ်သစ်ဟာ ဂျာမနီနိုင်ငံရဲ့ တတိယအကြီးဆုံးလေဆိပ်အဖြစ် ဖရန့်ဖတ် နဲ့ မြူးနစ်လေဆိပ်တို့ရဲ့ နောက်မှာ ရှိပါတယ်။ လေဆိပ်သစ်ဟာ တစ်နှစ်လျှင် ခရီးသည် ၂၇ သန်းကို လက်ခံနိုင်ကြောင်း သိရပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကြောင့် လေဆိပ်အတွင်းရှိ စားသောက်ဆိုင်တွေနဲ့ ဆိုင် ၁၀၀ ကျော်ဟာ ဆက်လက် ပိတ်ထားဆဲဖြစ်ပေမယ့် ၁၅ ဆိုင်နီးပါးကတော့ ကန့်သတ်အချိန်အတွင်းမှာ ဖွင့်ကြောင်း သိရပါတယ်။

 

လေဆိပ်ကို တည်ဆောက်ရန် မူလက ယူရိုငွေ ၁.၇ ဘီလီယံ( အမေရိကန် ဒေါ်လာ ၂ ဘီလီယံ) သတ်မှတ်ထားပေမယ့် လက်ရှိအချိန်မှာ ယူရိုငွေ ၆.၅ ဘီလီယံကျော် သုံးစွဲထားကြောင်း သိရပါတယ်။

 

MDN

ကိုးကား - AFP