ဗီယက်နမ်နိုင်ငံ၌ ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူဦးရေ တစ်သိန်းနီးပါးရှိလာ

အောက်တိုဘာ ၁၈

ဗီယက်နမ်နိုင်ငံတွင် ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၉၉၆၃၉ ဦးရှိလာပြီး ယင်းရောဂါဖြင့် ၂၇ ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့ကပြောကြားသည်။

အဆိုပါ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုအရေအတွက် လျော့နည်းလာသော်လည်း ဟနွိုင်းမြို့တော်တွင်မူ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု လျော့နည်းသည့် လက္ခဏာမရှိကြောင်း ဖော်ပြထားသည်။

၂၀၂၃ ခုနှစ် စက်တင်ဘာ လကုန်ပိုင်းမှစတင်ကာ မြို့တော်ဟနွိုင်းတွင် သွေးလွန်တုပ်ကွေးရောဂါ ကူးစက်မှုနှုန်း သိသိသာသာ မြင့်တက်လာခဲ့ပြီး သီတင်းပတ်တစ်ပတ်လျှင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၂၅၀၀ မှ ၂၆၀၀ ဝန်းကျင်ရှိကြောင်း၊ စက်တင်ဘာလ ပထမပတ်တွင် ထိုရောဂါဖြစ်ပွားမှုအရေအတွက်နှင့်နှိုင်းယှဉ်ပါက ရောဂါဖြစ်ပွားမှု ၁ ဒသမ ၅ ဆ ပိုမိုများပြားခဲ့သည်ဟု သိရသည်။

မြို့တော်ဟနွိုင်းတွင် ယခုနှစ်အစပိုင်းမှစတင်ကာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၂၀၅၄၈ ဦးရှိရာ လွန်ခဲ့သောနှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ရောဂါဖြစ်ပွားမှုအရေအတွက် သုံးဆပိုမိုများပြားခဲ့သည်။

နိုင်ငံတစ်ဝန်းတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုအရေအတွက် လျော့ကျခဲ့သော်လည်း ဟနွိုင်းတွင် ရာသီဉတုဖောက်ပြန်မှုကြောင့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုအရေအတွက် မြင့်မားမည့်အလားအလာရှိကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို