ကုန်စိမ်းကားများ အဝင်နည်းသည့်အတွက် မ​ကွေးမြို့၌ ကုန်စိမ်းများ ယခင်ကထက် စျေးနှုန်းမြင့်တက်လာ

မကွေး  ၁၁  အောင်တိုဘာ

 

ကိုဗစ် ၁၉ ဒုတိယလှိုင်းတွင် ကုန်စိမ်းတင် ဆောင်သည့်ကားများ မကွေးမြို့သို့ အဝင်နည်းသည့်အတွက် စျေးနှုန်းများ မြင့်တက်လာကြောင်း ကုန်စိမ်းရောင်းချသူများ ထံက သိရသည်။

 

" အရင်တုန်းကတော့ ရှမ်းပြည်နယ်ဘက်က ၊ မန္တလေးဘက်က ခရီးသည်တင် ကားတွေနဲ့ ကုန်စိမ်းတွေ တင်လာကြတာမျိုး ရှိတယ်။ ကုန်ကားတွေနဲ့ လာရောင်းကြတာတွေရှိတယ်။ အခုက ခရီးသည်တင်လိုင်းတွေ မထွက်ကြတော့ဘူး။ ကုန်ကားတွေကိုပဲ အားပြုနေရတာ။ ကုန်ကားကလည်း ဝင်တဲ့အစီးရေ နည်းလာတယ်။ လာတဲ့ကားကနေ ကုန်စိမ်းကို အလုအယက်ဝယ်နေရတယ် ''ဟု ကုန်စိမ်းရောင်းဝယ်ရေး လုပ်ကိုင်သူ ဒေါ်ဌေး က ပြောသည်။

 

ကုန်စိမ်းစျေးများမှာ ပျမ်းမျှ ထက်ဝက်ခန့် စျေးနှုန်းမြင့်တက်မှုများ ဖြစ်ပေါ်လျက်ရှိပြီး ပဲသီးတစ်ပိဿာ ၈၀၀ ကျပ်မှ ၁၆၀၀ ကျပ် ၊ မုံညှင်းတစ်ပိဿာ ၈၀၀ ကျပ်မှ ၁၅၀၀ ကျပ် ၊ အာလူးတစ်ပိဿာ ၈၇၀ ကျပ်မှ ၁၀၅၀ ကျပ် အထိ စျေးနှုန်းပြောင်းလဲမြင့်တက်မှုများ လတ်တလော ဖြစ်ပေါ်နေသည်။

 

"အာလူးတက်တယ်။ ကြက်သွန်တက်တယ်။ ပြီးခဲ့တဲ့အပတ်က ခရမ်းချဉ်သီး စျေးကျတယ်။ အခုပြန်တက်တယ်။ အခိုက်အတန့် တက်တဲ့သဘောပါ။ ကားတွေ ပုံမှန် ပြန်ဝင်ရင်တော့ ပုံမှန်စျေး ပြန်ဖြစ်လာမယ်လို့ ထင်ပါတယ် '' ဟု မကွေး မြို့ ၊ ကန်သာစျေးမှ ကုန်စိမ်းရောင်းဝယ်ရေး လုပ်ကိုင်သူ ဒေါ်ငြိမ်းက ပြောသည်။

 

မကွေးတိုင်းဒေသကြီး၌ တိုင်းကျော် ၊ ပြည်နယ်ကျော် ခရီးသည်တင်ယာဉ်လိုင်းပြေးဆွဲမှုကို ယာယီတားမြစ်ထားပြီး တိုင်းအတွင်းသို့ဝင်ရောက်လာသည့် ကုန်ကားများကိုလည်း ချက်ချင်း ဝင်ခွင့်မပေးဘဲ စစ်ဆေးရေးစခန်းများဖွင့်ကာ ယာဉ်မောင်း နှင့် ယာဉ်နောက်လိုက်များကို ကြပ်မတ်စစ်ဆေးလျက် ရှိသည်။

 

ရန်ကုန်အမျိုးသားဓါတ်ခွဲခန်းသို့ ဓါတ်ခွဲနမူနာ ပေးပို့စစ်ဆေးချက်ရလဒ်များနှင့် RDT ကိရိယာဖြင့် အမြန်စစ်ဆေးမှု ရလဒ်များအရ မကွေးတိုင်းတွင် အောက်တိုဘာ ၁၁ ရက်နေ့ မနက်ပိုင်းထိ ကိုဗစ် အတည်ပြုလူနာ ၁၇၇ ဦး ရှိနေပြီဖြစ်ကြောင်း မကွေးတိုင်းပြည်သူ့ကျန်းမာရေး ဦးစီးဌာနက သိရှိရသည်။

 

ဇေယျတု ( မကွေး)