နယူးယောက် ၅ ဒီဇင်ဘာ
အမေရိကန်နိုင်ငံ၌ ဒီဇင်ဘာ ၃ ရက် တစ်ရက်တည်းမှာပင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၃၁၅၇ ဦး၊ ကူးစက်ခံရသူ နှစ်သိန်းကျော်နှင့် ဆေးရုံတက်ရောက်ကုသရသည့် လူနာအရေအတွက် တစ်သိန်းအထိ ရှိခဲ့ခြင်းကြောင့် နေ့စဉ်ကူးစက်ခံရသူ၊ သေဆုံးသူနှင့် ဆေးရုံ တက်ရောက်ကုသရသူ အရေအတွက် သုံးခုစလုံးတွင် စံချိန်သစ်ဖြစ်ခဲ့ ကြောင်း ဂျွန်ဟော့ကင်းစ်တက္ကသိုလ်၏အစီရင်ခံစာတွင် ဖော်ပြသည်။
ကျေးဇူးတော်နေ့တွင် အမေရိကန်နိုင်ငံသားများအနေဖြင့် ကိုဗစ်-၁၉ ဆိုင်ရာစည်းမျဉ်းများကို လိုက်နာရန် ပျက်ကွက်သည့်အပြင် အစိုးရ၏ တုံ့ပြန်ဆောင်ရွက်မှု နှေးကွေးခြင်းတို့ကြောင့်လည်း ယခုကဲ့သို့ ကူးစက်ခံရသူ၊ သေဆုံးသူနှင့်ဆေးရုံတက်ရောက် ကုသသူ အရေအတွက်တို့တွင် များလာခြင်းဖြစ်သည်။ ရောဂါရှာဖွေရေးနှင့် တားဆီးရေးစင်တာ အကြီးအကဲ ဒေါက်တာရောဘတ်ရက်ဒ်ဖီးလ်က အမေရိကန် သမိုင်းတစ်လျှောက် အဆိုးရွားဆုံးအချိန်ကို ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ ကြုံတွေ့နေရပြီး ဒီဇင်ဘာ၊ ဇန်နဝါရီနှင့် ဖေဖော်ဝါရီလများတွင် အခက်အခဲများ ထပ်မံကြုံတွေ့ရဦးမည် ဖြစ်ကြောင်း သတိပေးထားသည်။
အမေရိကန်ပြည်ထောင်စုတွင် ယမန်နေ့အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၄ သန်း၊ သေဆုံးသူ သုံးသိန်းနီးပါးအထိ ရှိနေပြီး သေဆုံးမှုနှင့် ရောဂါကူးစက်ခံရမှုနှစ်ရပ်စလုံးတွင် ကမ္ဘာ့နံပါတ် (၁)နေရာတွင် ရှိနေသည်။
ကိုးကား - စီအင်န်အေ၊ ဘာသာပြန် - မေလဲ့သင်း