ဗြိတိန်နှင့်အီးယူ ကုန်သွယ်ရေးဆွေးနွေးမှုများ သဘောထားကွဲလွဲနေဆဲဖြစ်

လန်ဒန်၊ ၂၂ ဒီဇင်ဘာ

 

ဥရောပသမဂ္ဂအဖွဲ့ကြီးမှ ဗြိတိန် နုတ်ထွက်သည့် ဘရက်ဇစ်ကာလနှောင်းပိုင်း ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိရေးအတွက် ညှိနှိုင်းဆွေးနွေးမှုများ ဆက်လက် သဘောထားကွဲလွဲနေဆဲ ဖြစ်ကြောင်း သိရသည်။

 

ယခုနှစ် ဇန်နဝါရီလက ဥရောပသမဂ္ဂမှ ဗြိတိန်ထွက်ခွာခဲ့ပြီးနောက် ဆွေးနွေးပွဲများတွင် အဓိကအဆီး အတားဖြစ်နေသည့် ကိစ္စရပ်များထဲတွင် ဗြိတိန်နိုင်ငံရှိ ငါးဖမ်းရေပိုင်နက်ထဲသို့ ဥရောပသမဂ္ဂဝင်ရောက်ခွင့် ကိစ္စလည်း ပါဝင်သည်။

 

ဥရောပ ပါလီမန်၏ နိုင်ငံရေးဆိုင်ရာအဖွဲ့က ပါလီမန်အနေဖြင့် ယခုနှစ်ကုန်အတွင်း ယင်းကိစ္စနှင့် ပတ်သက်၍ အတည်ပြု ပြဋ္ဌာန်းနိုင်ရန်အလို့ငှာ ဒီဇင်ဘာ ၂၀ ရက်တွင် အပြီးသတ် သဘောတူညီမှုတစ်ရပ် ရရှိရေးလုပ်ဆောင်ရန် တိုက်တွန်းထားသည်။

 

သို့ရာတွင် ဒီဇင်ဘာ ၂၀ ရက်က အကြိတ်အနယ် ပြုလုပ်ခဲ့သည့် ညှိနှိုင်းဆွေးနွေးမှုများတွင် မည်သည့်အတည်ပြုချက်မျှ မရရှိခဲ့ဘဲ သဘောထား ကွဲလွဲမှု ဆက်လက်ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

 

ဘရက်ဇစ်အရေး ဥရောပသမဂ္ဂ ညှိနှိုင်းရေးအကြီးအကဲ မစ်ချယ်လ် ဘာနီယာက ယင်းဆွေးနွေးမှုကို အလွန်ခက်ခဲလှသည့် ညှိနှိုင်းဆွေးနွေးမှုတစ်ရပ်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

 

သဘောတူညီမှုတစ်ရပ် ရရှိနိုင်မည့် အခွင့်အရေးမှာ ၅၀ ရာခိုင်နှုန်းအောက် လျော့နည်းကြောင်း ဗြိတိန် အစိုးရအဖွဲ့ရုံးဆိုင်ရာဝန်ကြီး မိုက်ကယ်ဂုဖ်က ဗြိတိန်ပါလီမန် ကော်မတီသို့ ပြောကြားခဲ့သည်။

 

ဗြိတိန်နှင့် ဥရောပသမဂ္ဂတို့အကြား ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီမှုရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ လာမည့် နှစ်သစ်ကူးရက်မှ စတင်ကာ ကုန်သွယ်ရေးဆောင်ရွက်ရန် အကောက်ခွန်စစ်ဆေးမှုများ လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

 

အင်န်အိတ်ချ်ကေ