စစ်ကိုင်း၊ ၂၆ ဒီဇင်ဘာ
စစ်ကိုင်းတောင်ရိုးရှိ ဘုန်းတော်ကြီးကျောင်း စာသင်တိုက်ကြီးများနှင့် သီလရှင်စာသင်တိုက်ကြီးများသို့ စစ်ကိုင်းမြို့၊ ပိုးတန်းရပ်မှ အလှူရှင် ဦးတင်မျိုးလွင် (စစ်ကိုင်းမြို့မိ၊ မြို့ဖအဖွဲ့ဥက္ကဋ္ဌ)ဇနီး ဒေါ်တင်မာလွင် (နဝရတ်-ရတနာပဲခွဲစက်)မိသားစုတို့က ဆွမ်းဆန်တော်၊ ပဲ၊ ဆီများ လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ လှူဒါန်းခြင်းအခမ်းအနားကို ဒီဇင်ဘာ ၂၆ ရက် မွန်းလွဲ ၂ နာရီ က စစ်ကိုင်းမြို့၊ လေးကျွန်း မြေရပ်ရှိ လေးကျွန်းမြေအုဋ္ဌ်ကျောင်းတိုက်တွင် ကျင်းပရာ ဆရာတော်၊ သံဃာတော်များ၊ သီလရှင်ဆရာ ကြီး၊ ဆရာလေးများ၊ စစ်ကိုင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ထွန်း၊ အလှူရှင်မိသားစု များနှင့် စစ်ကိုင်းမြို့မိမြို့ဖ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
“COVID -19 ကပ်ဘေးကာလအတွင်းမှာ ဘုန်းတော်ကြီးကျောင်း စာသင်တိုက်ကြီးများမှာရှိတဲ့ သံဃာတော် များနဲ့ သီလရှင်စာသင်တိုက်ကြီးများမှာ ရှိတဲ့ သီလရှင် ဆရာကြီး၊ ဆရာလေးတို့ ဆွမ်း၊ ဟင်း အဆင်ပြေစေရန်အတွက် ရည်ရွယ်ပြီး လှူဒါန်းပေးခြင်းဖြစ်ပါတယ်”ဟု အလှူရှင် ဦးတင်မျိုးလွင် က ပြောသည်။
စစ်ကိုင်းတောင်ရိုးရှိ စာသင်တိုက်ကြီးများမှ သံဃာအပါးရေ (၁၄၂၆) တို့အတွက် ဘုန်းကြီးကျောင်းတိုက် တစ်တိုက်လျှင် ဆန် (၂၄)ပြည်ဝင် တစ်အိတ်၊ ကုလားပဲခြမ်း (၃၀) ပိဿာပါ တစ်အိတ်နှင့် ဆီ (၁၀)ပိဿာပါ တစ်ပုံးတို့ကို လှူဒါန်းခဲ့ပြီး သီလရှင်စာသင်တိုက်ကြီးများ သီလရှင် အပါး (၁၁၁၁)ပါးတို့အတွက် တစ်ပါးလျှင် ဆန်တစ်ပြည်၊ ပဲ (၅၀)ကျပ်သား၊ ဆီ (၅၀)ကျပ်သား လှူဒါန်းခဲ့ကြောင်း သိရသည်။
ခိုင်ဇေယျ(စစ်ကိုင်း)


