ကျောက်ထု ၊ ၁ ဇန်နဝါရီ
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ကျောက်ထုမြို့ဒေသတွင် ယခုအချိန်၌ ချောင်းရေများ လျော့နည်းနေချိန် ရေများကို ဟွန်တာရေစုတ်စက်ဖြင့် ရေတင်ပြီး နှုန်းတင်မြေနုများ ဖော်ထုတ်လျက် ဆောင်းရာသီကာလတွင် ဆောင်းနေကြာရေဆင်း(၁) စပ်မျိုးနေကြာ စိုက်ပျိုးဖြစ်ထွန်းလျက် ရှိကြကြောင်း သိရသည်။
အဆိုပါ နေကြာစိုက်ပျိုးရာတွင် တစ်ဧကလျှင် မြေညှိစက်ဖြင့် ထွန်ယက်ခ တစ်နာရီလျှင် ငွေကျပ် နှစ်သောင်းနှုန်းပေးရ၍ လုပ်ငန်းတွင်ကျယ်မှု လျင်မြန်ကြောင်း တောင်သူတစ်ဦးက ပြောသည်။ ထိုသို့ မြေညှိပြီးသော မြေများတွင် သဘာဝမြေဆွေးနှင့် နွားချေးထည့်သွင်း၍ မြေပြုပြင် ဆောင်ရွက်ကြသည်။
ဆောင်းနေကြာများကို ဒီဇင်ဘာလတွင် စိုက်ပျိုးကြပြီး ဖေဖော်ဝါရီလတွင် ရိတ်သိမ်းပြီး ဆောင်းနေကြာ တစ်ဧကလျှင် တင်းပေါင်း(၄၀)ခန့်ရရှိသည်။ နေကြာတစ်တင်း ကြိတ်လျှင် ဆီ လေးပိဿာ ရရှိကာ ဆီတစ်ပိဿာလျှင် ဈေးနှုန်းငွေကျပ် (၅၅၀၀)ဖြင့်လည်းကောင်း နေကြာနှမ်းဖတ် တစ်ပိဿာလျှင် ငွေကျပ် (၅၀၀)နှုန်းဖြင့် ရောင်းကြရကြောင်း ဒေသခံတောင်သူများ၏ ပြောပြချက်အရ သိရသည်။
မောဟေမာန်(ပြန်/ဆက်)


