မူဆယ် ၊၁ ဇန်နဝါရီ

 

(၂၀၂၁)ပြည့်နှစ်၊ နှစ်သစ်ကူးကာလ၌ တရုတ်နိုင်ငံ၊ ရွှေလီ-ကျယ်ဂေါင်ကြားရှိ အကောက်ခွန်ဌာနကို ဇန်နဝါရီလ(၁)ရက်နေ့မှ (၃)ရက်နေ့အထိ တရုတ်နိုင်ငံဘက်မှ ယာယီပိတ်ထားမည်ဖြစ်ကြောင်း သိရပြီး ယာယီ ပိတ်ထားသော (၃)ရက်ကာလတွင် ရွှေလီမြို့သို့ တင်ပို့မည့် ပုပ်သိုးကုန်မဟုတ်သည့် အခြားကုန်ခြောက်ပစ္စည်း တင်ပို့မှုကိုလည်း ယာယီပိတ်ထားကြောင်း သိရသည်။

 

mdn

 

ရွှေလီမြို့သို့ တင်ပို့မည့် ကုန်ခြောက်ပစ္စည်းတင်ပို့မှုကို ယာယီပိတ်ထားသော်လည်း ပုပ်သိုး လွယ်ကုန်ပစ္စည်း များဖြစ်သည့် ရေထွက်ကုန်ပစ္စည်းများနှင့် သစ်သီးပို့ကုန်ယာဉ်များကို လက်ရှိပုံမှန်အတိုင်း တင်ပို့ခွင့်ပြုထားသည်။

 

 “နှစ်သစ်ကူးကာလမှာ ရွှေလီ-ကျယ်ဂေါင် ကြားမှာရှိတဲ့ တရုတ်နိုင်ငံ၊ အကောက်ခွန်ဌာနကို ဇန်နဝါရီလ(၁) ရက်နေ့မှ (၃)ရက်နေ့အထိ ရုံးပိတ်တယ်လို့ သိရပါတယ်၊ ပုပ်သိုးလွယ်တဲ့ ကုန်ပစ္စည်းတွေကိုတော့ ဂျူတီဆောင်ခွင့်ပြုပြီး ကျန်တဲ့ ကုန်ခြောက်တွေကိုတော့ ပိတ်ရက်အတွင်း ဂျူတီဆောင်ခွင့်ယာယီပိတ်ထားပါတယ်လို့ မူဆယ်-နမ့်ခမ်းနယ်စပ်ကုန်သည်ကြီးများအသင်း ဉက္ကဌဦးစိုင်းနွံက ပြောသည်။

 

လက်ရှိတွင် တရုတ်နိုင်ငံ၊ ကျယ်ဂေါင်၌ ကုန်ချမည့် ပို့ကုန်ယာဉ်များကို ယခင်ပုံမှန်အတိုင်းဝင်/ထွက် သွားလာ နိုင်ကြောင်းသိရပြီး နှစ်သစ်ကူးကာလရောက်တိုင်းတွင် အကောက်ခွန်ဌာနကို တရုတ်နိုင်ငံဘက်က နှစ်စဉ်ယာယီပိတ်ထားကြောင်း သိရသည်။

 

ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)