မိတ္ထီလာ ဇူလိုင် ၁၉

 

ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်တားဆီးနိုင်ရန်ရည်ရွယ်ချက်ဖြင့်မိတ္ထီလာမြို့နယ်အတွင်းရှိ မြို့ပေါ်၁၄  ရပ်ကွက် နှင့် ကျေးရွာအုပ်စု ၅၈ အုပ်စုရှိ ကျေးရွာပေါင်း ၃၇၉ ရွာကို ၁၄ ရက်ကြာ ဆီမီးလော့ဒေါင်းချ အသွားအလာကန့်သွားမည်ဖြစ်ကြောင်း သိရသည်။

 

မိတ္ထီလာမြို့နယ်အတွင်းမှာ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်တားဆီးရေးလုပ်ငန်းတွေ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ဖို့အတွက် မြို့နယ်အတွင်းက မြို့ပေါ်ရပ်ကွက် ၁၄ ရပ်ကွက်နဲ့ ကျေးရွာ ၅၈ အုပ်စုကို ဇူလိုင်လ၂၁ ရက်နေ့ကနေ ဩဂုတ်လ ၃ ရက်နေ့အထိ ၁၄ ကြာ Local ဆီမီးလော့ဒေါင်းချ အသွားအလာကန့်သတ်သွားမှာဖြစ်ပါတယ်။ အသွားအလာကန့်သတ်တဲ့ ၁၄ရက်တာကာလအတွင်း ဒေသခံပြည်သူများအနေနဲ့ မွန်းလွဲ၁နာရီနောက်ပိုင်း       အိမ်ပြင်ထွက်သွား လာခြင်းမပြုလုပ်ရပါဘူး။ မဖြစ်မနေ အပြင်ထွက်သွားလာဖို့ရှိတဲ့ဒေသခံတွေအနေနဲ့လည်း အိမ်ထောင်စုတစ်စုကို လူတစ်ဦးသာ အပြင် ထွက်သွားလာခွင့်ရှိပါတယ်။ ရပ်ကွက်ကျေးရွာများအလိုက်သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများထံမှာအပြင်ထွက်သွားလာခွင့်ကတ်များထုတ်ပေးဖို့လည်းညွှန်ကြထားပြီးဖြစ်ပါတယ်။ မဖြစ်မနေ အပြင်ထွက်သွားရမယ့်သူတွေအနေနဲ့  မျက်နှာနှာခေါင်းစည်း Mask များ တပ်ဆင်သွားလာရမှာဖြစ်ပါတယ်။ကျန်းမာရေးကိစ္စအရေး ပေါ်ထွက်ရမယ့်သူတွေအနေနဲ့ ယာဉ်မောင်း အပါအဝင် ၃ ဦးသာအပြင်ထွက်သွားလာခွင့်ရှိပြီး အဲဒီလိုသွားလာဖို့အတွက် သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံကို ကြိုတင်ဆက်သွယ်အကြောင်းကြား ခွင့်ပြုချက်တောင်းခံရမှာဖြစ်ပါတယ်။ အစိုးရဝန်ထမ်းများ ၊ လူမှုရေးအသင်းအဖွဲ့များ ၊ ရေသန့်ဖြန့်ဖြူးရောင်းချသူများ ၊ ကုမ္ပဏီဝန်ထမ်းများအနေနဲ့တော့ အပြင်ထွက်သွားလာခွင့်ရှိပါတယ်။ မြို့နယ်အတွင်းက ဈေးရောင်းချတဲ့ဈေးဆိုင်များအနေနဲ့လည်း မွန်းလွဲ ၁ နာရီနောက်ပိုင်း ဆေးဆိုင်များမှလွဲပြိး မည်သည့်ဈေးဆိုင်မှ ဖွင့်လှစ်ရောင်းချခြင်း ခွင့်မပြုပါဘူး ။ လိုကယ်ဆီမီးလော့ဒေါင်းချမှတ်တဲ့စည်းကမ်းချက်အသေးစိတ်ကို မနက်ဖြန် ဇူလိုင်လ ၂ဝ ရက်နေ့မှာ ရပ်ကွက်ကျေးရွာအုပ်စုအလိုက်သက်ဆိုင်ရာတာဝန်ရှိသူတွေကလိုက်လံအသိပေးကြေညာနှိုးဆော်ပေးသွား မှာဖြစ်ပါတယ်ဟုမြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေး က ပြောသည်။

 

မိတ္ထီလာမြို့နယ်တွင် ဇွန်လ ၂၄ ရက်နေ့မှ ဇူလိုင်လ ၁၈ရက်နေ့အထိ ကိုဗစ်-၁၉ရောဂါပိုးတွေ့လူနာ ၃၁၃ဦးရှိပြီးလက်ရှိတွင်ကိုဗစ်၁၉ရောဂါလူနာများအားကျန်းမာရေးစောင့်ရှောက်မှုပေးသည့်နေရာများ ဖြစ် သောမိတ္ထီလာစီးပွားရေးတက္ကသိုလ်တွင် ၁၈၁ ဦး ၊ စက်မှုဇုန်ခန်းမတွင် ၄၇ ဦး ၊ မိတ္ထီလာဆေးရုံတွင် ၂၇ ဦးရှိကြောင်းသိရသည်။  ကျန်းမာ၍ဆေးရုံဆင်းခွင့်ရရှိသူ ၅ဝ ကျော်ရှိပြီး ကိုဗစ်-၁၉ရောဂါဖြင့် သေဆုံးအချို့လည်း ရှိကြောင်း သိရသည်။  

 

ချမ်းသာ(မိတ္ထီလာ)