နေပြည်တော် ဩဂုတ် ၁၀
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်းနှင့်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ဩဂုတ် (၂) ရက်မှ (၁၀) ရက်အထိ ပြည်ထောင်စုအဆင့်ဌာနအဖွဲ့အစည်းများက ရေးဆွဲ တင်ပြလာသော ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ (၆) လ အတွက် ဘဏ္ဍာငွေ အရအသုံးခန့်မှန်းခြေငွေစာရင်းများကို စိစစ်ဆောင်ရွက်ခဲ့သည်။
ယင်းသို့ ဆောင်ရွက်ရာတွင် ဗဟိုအဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ နေပြည်တော် ကောင်စီ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေပြင်ပမှ ဆောင်ရွက်သည့် နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများအပါအဝင် ဌာန၊ အဖွဲ့အစည်းများကသတ်မှတ်ချက်နှင့်အညီ ရေးဆွဲတင်ပြလာသော ရငွေ၊ သုံးငွေများကို ပြည်သူ့ ဘဏ္ဍာရေး စီမံခန့်ခွဲမှုလုပ်ထုံးလုပ်နည်းများနှင့်အညီ Virtual စနစ်ဖြင့် အပြန်အလှန်ဆွေးနွေးစိစစ်ခဲ့ပြီး စိစစ်ပြီးစီးသော စာရင်းများကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ထပ်မံ စိစစ်မည် ဖြစ်သည်။
ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များက ရေးဆွဲတင်ပြလာသော အဆိုပါ (၆) လ အတွက် အရအသုံးခန့်မှန်းခြေငွေစာရင်းများကိုလည်း အလားတူစိစစ်မည်ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ ဒုတိယဝန်ကြီးချုပ်ထံတင်ပြ၍ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်၏ ထောက်ခံချက်ဖြင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီသို့ တင်ပြအတည်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


