တနင်္သာရီ သြဂုတ် ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၌ သြဂုတ် ၅ ရက်မှ ၁၀ ရက်အတွင်း ယာယီ ကယ်ဆယ်ရေးစခန်း ကိုးခုနှင့် နီးစပ်ရာ ဆွေမျိုးများနေအိမ်သို့ ပြောင်းရွှေ့နေထိုင်လျက်ရှိသော ရေဘေးသင့်ပြည်သူ ၁၀၈၈ ဉီးတို့သည် မြစ်ရေပြန်လည်ကျဆင်းသွားပြီ ဖြစ်သောကြောင့် မိမိတို့၏ နေအိမ်များသို့ အသီးသီးပြန်လည်ပြောင်းရွှေ့ နေထိုင်ကြပြီဖြစ်ပြီး တနင်္သာရီမြို့နယ်အတွင်းရှိ ကယ်ဆယ်ရေးစခန်းများအားလုံးကိုလည်း ပိတ်သိမ်းပြီးဖြစ်ကြောင်း မြိတ်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာနမှ တာဝန်ရှိသူတစ်ဉီး၏ ပြောကြားချက်အရ သိရသည်။
တနင်္သာရီမြို့နယ်၌ ဇူလိုင် ၂၇ ရက်မှ သြဂုတ် ၂ ရက်အထိ မြစ်ရေကြီး နစ်မြုပ်မှုကြောင့် ယာယီ ကယ်ဆယ်ရေးစခန်း ကိုးခုနှင့် နီးစပ်ရာဆွေမျိုးများ၏ နေအိမ်သို့ ပြောင်းရွှေ့နေထိုင်ကြသည့် အိမ်ခြေ ၂၂၀ ၊ အိမ်ထောင်စု ၂၂၀၊ လူဉီးရေ ၁၀၈၈ ဉီးရှိသည့်အနက် တနင်္သာရီမြစ်ရေ ပြန်လည်ကျဆင်း လာပြီဖြစ်၍ သြဂုတ် ၂ ရက်မှ သြဂုတ် ၉ ရက်အထိ ရပ်ကွက် နှစ်ခု၊ ကျေးရွာ ရှစ်ရွာတို့မှ အိမ်ခြေ ၁၈၉ လုံး၊ အိမ်ထောင်စု ၁၈၉ စု၊ လူဉီးရေ ၉၀၉ ဉီးတို့သည် ၎င်းတို့၏နေအိမ်များသို့ ပြန်လည်ပြောင်းရွှေ့ နေထိုင်လျက်ရှိသည်။
ထို့အတူ ပြန်လည်ပြောင်းရွှေ့ရန် ကယ်ဆယ်ရေးစခန်း ခြောက်ခုမှ အိမ်ခြေ ၃၁ လုံး၊ အိမ်ထောင်စု ၃၁ စု၊ လူဉီးရေ ၁၇၉ ဉီးကျန်ရှိသည့်အနက် တနင်္သာရီမြစ်ရေအမှတ်မှာ ၁၅ ပေ ၂ လက်မသို့ ပြန်လည်ကျဆင်း လာသဖြင့် သြဂုတ် ၁၀ ရက်တွင် အိမ်ခြေ ၃၁ လုံး၊ အိမ်ထောင်စု ၃၁ စု၊ လူဉီးရေ ၁၇၉ ဉီးတို့သည် ၎င်းတို့၏နေအိမ်များသို့ ထပ်မံပြောင်းရွှေ့နေထိုင်လျက်ရှိသည့်အတွက် တနင်္သာရီမြို့နယ်အတွင်းရှိ ယာယီကယ်ဆယ်ရေးစခန်းများအားလုံးကို ပိတ်သိမ်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။
မြင့်ဦး(မြိတ်)


