မင်းဘူး(စကု)မြို့နယ်တွင် ဖီးကြမ်းငှက်ပျောစိုက်ပျိုးခြင်းအား တစ်နိုင်တစ်ပိုင်မှ စီးပွားဖြစ်စိုက်ပျိုး

မင်းဘူး   အောက်တိုဘာ   ၃၁

     

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ ကျောက်တန်းကျေးရွာတွင် ဖီးကြမ်းငှက်ပျော စိုက်ပျိုးခြင်းကို ယခင်က တစ်နိုင်တစ်ပိုင်သာ စိုက်ပျိုးကြသော်လည်း အမြတ်များများ ကျန်သည့်အတွက် စီးပွားဖြစ် စိုက်ပျိုးလာကြကြောင်း ဒေသခံ ငှက်ပျောစိုက် တောင်သူများထံမှ သိရသည်။

     

ငှက်ပျောပင်များ စိုက်ပျိုးသည့်အခါ သားတက်များကို အရွယ်ငယ်ငယ်နှင့် စိုက်ပျိုးသည့်နည်းနှင့် သားတက်ကြီးမှ စိုက်ပျိုးသည့်နည်းဟူ၍ နှစ်မျိုးရှိသည်။ အရွယ်ငယ်ငယ်နှင့် စိုက်ပျိုးလျှင် အဖီးများများကျပြီး ၁၀ လကြာမှ ငှက်ပျောခိုင်ထွက်သည်။ သားတက်ကြီးမှ စိုက်ပျိုးလျှင် ၈ လလောက်ဖြင့် ငှက်ပျောခိုင် ထွက်သော်လည်း ငှက်ပျောဖီး နည်းသွားတတ်သည်။ ဒါကြောင့် စိုက်ခင်းပိုင်ရှင်များက သားတက်ငယ်ငယ်ကိုသာ ဖမ်း၍စိုက်ပျိုးကြသည်။

     

ငှက်ပျောဆို့များကို စိုက်ပျိုးပြီး ၁၀ လကြာလျှင် ငှက်ပျောခိုင်ထွက်၍ အခိုင်ထွက်ပြီး ၃ လလောက်ဖြင့် ခုတ်၍ ရောင်းချလို့ ရကြသည်။ သားတက်ငယ်ငယ်ဖြင့် စိုက်ပျိုးပါက ငှက်ပျောခိုင်တစ်ခိုင်လျှင် ငှက်ပျောဖီး ၁၂ ဖီးအထိ ပါရှိ၍ တစ်ဖီးလျှင် ပျမ်းမျှ ၈၀၀ ကျပ်ဈေး ဖောက်သည်ပေးရသည့်အတွက် တစ်ဧကလျှင် အပင် ၅၀၀၀ ဝန်းကျင် စိုက်ပျိုးထားသော သူ၏ငှက်ပျောခြံတွင် တစ်နှစ်လျှင် သိန်း ၄၀ ဝန်းကျင်ရရှိနေကြောင်း ငှက်ပျောခြံပိုင်ရှင် ဦးဌေးထံမှ သိရသည်။

    

"ကျွန်တော့်အနေနဲ့ ယခင်က တစ်နိုင်တစ်ပိုင်သာ စိုက်ပျိုးထားသော်လည်း စိုက်ပျိုးပြီး အထူးဂရုစိုက်စရာမလိုဘဲ ငှက်ပျောလက်များ လှီးဖြတ်ပေးရခြင်း၊ ငှက်ပျောခိုင်ခုတ်၍ ရောင်းချရခြင်းလောက်သာ ပြုလုပ်ပေးရကာ အမြတ် သိန်းဆယ်ဂဏန်းချီ၍ ရရှိသောကြောင့် ငှက်ပျောခြံများကို ဧကများများ စီးပွားဖြစ်တိုးချဲ့ စိုက်ပျိုးထားတာပါ''ဟု မင်းဘူး(စကု)မြို့နယ် ကျောက်တန်းကျေးရွာမှ ဖီးကြမ်း ငှက်ပျောခြံပိုင်ရှင် ဦးဌေးက ပြောသည်။

 

ဇေယျာထက်(မင်းဘူး)