ကျောက်တံခါး   ဇန်နဝါရီ   ၁၉

 

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်မြို့မှ ကျောက်တံခါးမြို့နယ်၊ တောကျွဲအင်း မြို့အထိ အဆန်ရထားလမ်းသစ်၌ ဇန်နဝါရီ ၂၄ ရက်တွင် ရထားတွဲဆိုင်း အသစ်ဖြင့် တစ်နာရီလျှင် ကီလိုမီတာ ၁၀၀ နှုန်း စမ်းသပ်ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

 

စမ်းသပ်ပြေးဆွဲခြင်း ပြီးစီးပါက မြန်နှုန်းမြှင့် ရထားများသည် ရထားသံလမ်းသစ်ပေါ်တွင် ပြေးဆွဲတော့မည်ဖြစ်ရာ ရထားသံလမ်း ဘေးတစ်လျှေက် နေထိုင်နေသော ပြည်သူများနှင့် ရထားသံလမ်းကူးများအား ဖြတ်သန်းသွားလာသော ပြည်သူများ မလိုလားအပ်သော မတော်တဆမှုများ မဖြစ်ပွားစေရန် အထူးဂရုပြု ဖြတ်သန်းသွားလာကြရန်နှင့် တရားမဝင် ရထားလမ်းကူးများမှ ဖြတ်သန်းသွားလာခြင်းနှင့် မော်တော်ယာဉ်များ မောင်းနှင်ခြင်းမပြုကြရန်၊ ရထားသံလမ်းပေါ်တွင် ကျွဲနွားများ ထိန်းကျောင်းခြင်း၊ အဝတ်များလှန်းခြင်းနှင့် ကလေးများ ဆော့ကစားခြင်း မပြုလုပ်ကြရန်၊ ဖြတ်သန်းသွားလာမည့်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များနှင့် ပြည်သူများသည် သတ်မှတ်ထားသော သတိပေး ဆိုင်းဘုတ်များနှင့် တာဝန်ရှိသူများ၏ အချက်ပြများကို အလေးထား လိုက်နာကြစေရန် မြန်မာ့ မီးရထားမှ အသိပေးကြေညာထားသည်။

 

mdn

 

ရန်ကုန်-မန္တလေးမီးရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းကို JICA ၏ ODAD (Official Development Assistant) ချေးငွေဖြင့် ရန်ကုန်မှ မန္တလေးလမ်းပိုင်းကို အပိုင်းနှစ်ပိုင်းခွဲ၍ ဆောင်ရွက်လျက်ရှိပြီး အပိုင်း(၁)တွင် CP 103 ညောင်လေးပင်မှ တောင်ငူအထိ ဆောက်လုပ်သွားမည် ဖြစ်ပြီး ထိုလုပ်ငန်းကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှ စတင်ဆောင်ရွက်ခဲ့ကာ ၂၀၂၂ ခုနှစ် နိုဝင်ဘာလအထိ ၄၈ လ ကြာမြင့်မည်ဖြစ်သည်။

 

ယခုအခါ ပိန်းဇလုပ်မှ တောကျွဲအင်းအထိ ရထားလမ်း အဆင့်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးသွားပြီဖြစ်၍ လုပ်ငန်းများ အားလုံးပြီးစီးသွားချိန်၂၀၂၂ ခုနှစ်အလွန်တွင် ရန်ကုန်မှ တောင်ငူအထိ ၃ နာရီခွဲနှင့် မန္တလေးအထိ ၈ နာရီသာ ကြာမြင့်တော့မည်ဖြစ်သည်။ ခရီးသွား ပြည်သူများ သက်သောင့်သက်သာဖြင့် အချိန်တိုအတွင်း ရောက်ရှိစေမည့်အပြင် မြန်ဆန်သော ကုန်စည်စီးဆင်းမှုကို အထောက်အကူ ဖြစ်စေသည့်အတွက် ဒေသဖွံဖြိုးရေး လုပ်ငန်းများကိုလည်း များစွာ အကျိုးပြုနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

 

ခင်ကို(ကျောက်တံခါး)