နေပြည်တော်   မတ်   ၇

အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ အရာထမ်းများ လုပ်ငန်းခွင်စွမ်းဆောင်ရည်မြှင့်တင်ရေး မွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်) စုဝေးခန်းမ၌ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ထုတ်ပြန်ထားသော စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် လူမှုဖူလုံရေးရုံးချုပ်မှ ဦးစီးအရာရှိ သင်တန်းသား (၂၃)ဦး၊ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ်ရုံးခွဲများမှ Online ဖြင့် ဦးစီးအရာရှိ သင်တန်းသား (၂၅)ဦး စုစုပေါင်း အရာထမ်း (၄၈)ဦး တက်ရောက်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီးက ယခုသင်တန်းသည် လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်)နှင့် တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ်ရုံးခွဲများတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသည့် ဦးစီးအရာရှိများကို လုပ်ငန်းခွင်ဆိုင်ရာ စွမ်းဆောင်ရည်နှင့် အရည်အသွေးများ တိုးတက်မြှင့်တင်ပေးနိုင်ရန်၊ ဌာနတွင်းသက်ဆိုင်ရာ ဘာသာရပ်များ၊ ဥပဒေ၊ နည်းဥပဒေနှင့် မိတ်ဖက်ဦးစီးဌာနများ၏ လုပ်ငန်းတာဝန်များ၊ လတ်တလော ဖြစ်ပေါ်ပြောင်းလဲနေသော အခြေအနေများနှင့် ကိုက်ညီသည့် ရုံးလုပ်ငန်းများကို အကျိုးရှိရှိ ထိထိရောက်ရောက် အသုံးချ လုပ်ကိုင်သွားနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ပို့ချခြင်းဖြစ်ကြောင်း။

လူမှုဖူလုံရေးအဖွဲ့သည် လူမှုဖူလုံရေးစီမံကိန်းကို တစ်မျိုးသားလုံး အကျုံးဝင်စေရန် ရည်ရွယ်ပြီး နိုင်ငံတကာ လူမှုဖူလုံရေးအဖွဲ့ (International Social Security Association - ISSA)၊ အာဆီယံ လူမှုဖူလုံရေးအသင်း (ASEAN Social Security Association - ASSA)တို့နှင့် ပူးပေါင်းပြီး နိုင်ငံတကာအဆင့် အဆင့်မီလူမှုဖူလုံရေးအဖွဲ့ဖြစ်စေရန် အားထုတ်ကြိုးပမ်း ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ လူမှုဖူလုံရေးလုပ်ငန်းများကို ခေတ်နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် နိုင်ငံတကာ လူမှုဖူလုံရေးပညာရှင်တွေ ဆွေးနွေးပြုစုထားသော ISSA Guidelines များပါ အချက်အလက်၊ အသိပညာတွေကို လေ့လာကိုးကားပြီး မိမိတို့ လက်ရှိတာဝန်ထမ်းဆောင်နေသော ဌာနအဖွဲ့အစည်းဖြစ်သည့် လူမှုဖူလုံရေးအဖွဲ့၏ လုပ်ငန်းတာဝန်တွေကို ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန်နှင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်နိုင်စေရန်အတွက် သက်ဆိုင်ရာ ရာထူးအဆင့်ဆင့်အလိုက် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်များ ပြည့်ဝနေရန် ကြိုးပမ်းအားထုတ်သွားရန် လိုအပ်ကြောင်း။

လူမှုဖူလုံရေးအဖွဲ့သည် အလုပ်ရှင်/ အလုပ်သမားများ၏ အကျိုး၊ အများပြည်သူအကျိုးကို ရှေ့ရှုပြီး လူမှုဖူလုံရေးစီမံကိန်းကို တစ်မျိုးသားလုံးအကျုံးဝင်သည့် စီမံကိန်းဖြစ်လာစေရန်၊ ခေတ်စနစ်နှင့် ကိုက်ညီပြီး နိုင်ငံတကာအဆင့်မီသည့် လူမှုဖူလုံရေးစနစ်များကို အကောင်အထည်ဖော်နိုင်ရန် ရေရှည်မျှော်မှန်းချက်များ ချမှတ်လုပ်ဆောင်လျက်ရှိရာ ဝန်ထမ်းများအနေဖြင့် အားသွန်ခွန်စိုက် လိုက်ပါဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။

အဆိုပါသင်တန်းကို Hybrid Training ပုံစံဖြင့် လူမှုဖူလုံရေးအဖွဲ့၊ ရုံးချုပ်မှ သင်တန်းသားများအား စုဝေးခန်းမ၌ ကိုယ်တိုင်တက်ရောက်စေခြင်းဖြင့် လည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ်ရုံးခွဲများမှ သင်တန်းသားများအား Online ဖြင့် တက်ရောက်စေခြင်းဖြင့် လည်းကောင်း မတ် ၇ ရက်မှ ၁၈ ရက်အထိ (၉) ရက်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်