တိုင်းရင်းသားရိုးရာ စကားထာဉာဏ်စမ်းများ

ကချင်တိုင်းရင်းသားစကားထာ
 
ရှေးသရောအခါက ရာမညတိုင်းဒေသရှိ  ကျေးရွာတစ်ရွာ၌ “ဗညားနှင့်လဂွန်းအိမ်”ဟူသည့် မွန်တိုင်းရင်းသား သူငယ်ချင်းနှစ်ဦး ရှိလေသည်။ 

သူတို့သည် ရွာဦးဘုန်းတော်ကြီးကျောင်းတွင် ကျောင်းအိပ်ကျောင်းစားဖြင့် ပညာသင်ယူနေကြသူများ ဖြစ်သည်။ ရွာဦးကျောင်း ဆရာတော်ကြီးသည် စာပေကျမ်းဂန်များနှံ့စပ်ပြီး လောကီ၊ လောကုတ္တရာ စာပေများ သင်ကြားရာတွင် ကောင်းသတင်းဖြင့်ကျော်ကြားသည့် မွန်တိုင်းရင်းသား ဆရာတော်ကြီးဖြစ်သည်။ 

ဗညားနှင့်လဂွန်းအိမ်တို့သည် အားလပ်ချိန်များတွင် ဘုန်းကြီးကျောင်းတောင်ဘက်ရှိ မန်ကျည်းပင်ကြီးအောက်တွင် ဆော့ကစားလေ့ရှိသည်။ 

“လဂွန်းအိမ်ရေ...ဉာဏ်စမ်းတွေမေးချင်နေပြီကွာ” “မေးလေ ဗညား၊ တိုင်းရင်းသားရိုးရာစကားထာ ဉာဏ်စမ်းတွေထဲကပဲ မေးမှာ မဟုတ်လား”
 
“ဟုတ်တယ် သူငယ်ချင်းရေ  ဒီတစ်ခါတော့ ကချင်တိုင်းရင်းသား ရိုးရာစကားထာ ဉာဏ်စမ်းတွေထဲကပဲ မေးကြ၊ ဖြေကြမယ်ကွာ” 

“အေးအေး၊ မေးချင်တာသာ မေးပါ။  ဖြေဖို့အသင့်ပါပဲဗျာ” လဂွန်းအိမ်က ဗညား၏စကားကို  ချက်ချင်းတုံ့ပြန်လိုက်ခြင်း ဖြစ်သည်။ 

“မေးပြီနော် လဂွန်းအိမ်ရေ၊ ဉာဏ်စမ်းမေးခွန်းက မထိုင်ရတဲ့ ခုံဆိုတာ ဘာကိုပြောချင်တာလဲ ဖြေပေးပါ” 

လဂွန်းအိမ်က ခဏမျှစဉ်းစားနေသည်။ ပြီးမှ ဖြည်းဖြည်းချင်းပြန်ပြောသည်။ “ကချင်တိုင်းရင်းသားရိုးရာစကားထာ ဉာဏ်စမ်းတွေထဲကဖြေရမှာဆိုတော့ ကျန်တာတွေ မစဉ်းစားရတော့ဘူးပေါ့ကွာ။ ဒါလည်းကောင်းတာပါပဲ။ ဒီတစ်မျိုးတည်းကပဲဆိုတော့  ဘောင်တော့ ကျဉ်းတယ်။   စဉ်းစားရတဲ့အခါ    ဦးနှောက်ကို     ညှစ်ထုတ်ရတာပေါ့ကွာ” 
“အဖြေမရသေးရင် စဉ်းစားဖို့အချိန်ပေးထားပါတယ် သူငယ်ချင်း။ သိပ်တော့အချိန်မဆွဲနဲ့ပေါ့” 

“ရပါတယ်ဗညားရာ၊ ဖြေလိုက်တော့မယ်။ မေးခွန်းက “မထိုင်ရတဲ့ခုံဆိုတာ ဘာကိုပြောတာလဲ”တဲ့နော်။ အဖြေက “ကျွဲချေးပုံကိုပြောတာပါ။ ကျွဲချေးပုံတွေမြင့်မားပြီး ထိုင်ခုံသဖွယ်ဖြစ်နေပေမယ့် မထိုင်ရလို့ တင်စားထားတဲ့ သဘောမျိုးပေါ့။ မှန်တယ်နော် ဗညားရေ” 
လဂွန်းအိမ်၏ အဖြေစကားကိုကြားရသဖြင့် ဗညားတစ်ယောက် မျက်လုံးအဝိုင်းသားဖြစ်သွားသည်။ “မှန်ပါတယ် လဂွန်းအိမ်ရာ၊ မှန်ကန်တိကျတဲ့အပြင် ဖွင့်ဆိုရှင်းပြတာပါ ပါလာလို့ မချီးကျူးဘဲမနေနိုင်အောင် ဖြစ်ရပါတယ်ကွာ၊ တော်ပါပေတယ်” 

“ကျေးဇူးပါကွာ။ ကိုယ်မေးရမယ့် အလှည့်ရောက်ပြီဆိုတော့ မေးခွန်းထုတ်တော့မယ်နော်” “မေးပါကွာ၊ မေးပါ” 

“မေးချင်တဲ့ ဉာဏ်စမ်းမေးခွန်းက  အိမ်ပါ တမမ၊ လမ်းလျှောက်ရ ဆိုတာ ဘာကိုဆိုလိုတာလဲ  ဖြေပေးပါကွယ် သူငယ်ချင်းရယ်” 

လဂွန်းအိမ်ရဲ့ ဉာဏ်စမ်းမေးခွန်းကို ဗညားကတီးတိုးရေရွတ်ကာ စဉ်းစားနေသည်။ ပြီးမှ ဆက်ပြောသည်။ 

“သူငယ်ချင်းမေးတဲ့ ဉာဏ်စမ်းကို ကချင်တိုင်းရင်းသားရိုးရာ စကားထာဉာဏ်စမ်းထဲကပဲ ဖြေဆိုရမှာ မဟုတ်လား” 

“ဟုတ်တယ်လေ ဗညားရဲ့၊ ဟုတ်ပါတယ်” ဗညားက မန်ကျည်းပင်အောက်ရှိ     မြက်ခင်းစိမ်းစိမ်းများပေါ်တွင်   လဲလျောင်းနေရာမှ  ထထိုင်လိုက်သည်။ 

“သူငယ်ချင်းရဲ့ မေးခွန်းက အိမ်ပါတမမ လမ်းလျှောက်ရဆိုတာ ဘာကိုဆိုလိုတာလဲလို့ ပေးထားတာပဲ။ အဖြေက “လိပ်ဆိုတဲ့ သတ္တဝါ”  ပေါ့ကွာ။ လိပ်ကလမ်းလျှောက်တဲ့အခါ   သူ့ရဲ့ခန္ဓာကိုယ် အိမ်ကြီးကို မပြီး  နှေးကွေးစွာသွားရတာကို တင်စားထားတာပါပဲ” 

ဗညားကလည်း အားကျမခံ ဉာဏ်စမ်းအဖြေကိုဖြေဆိုရာမှာ ဖွင့်ဆိုရှင်းပြမှုကိုပါ ထည့်သွင်းဖြေဆိုလေသည်။ 

“မှန်ပါတယ်ဗညားရာ၊ မင်းကလည်း  အဖြေကိုဖွင့်ဆိုရှင်းပြတဲ့ ပုံစံမျိုးနဲ့ပါ ထည့်သွင်းဖြေဆိုပေးတာဆိုတော့ အမှတ်ပြည့်ပါပဲကွာ”
 
“စကားထာဉာဏ်စမ်းတွေမို့ အဓိပ္ပာယ်ပေါ်လွင်ထင်ရှားအောင်ပါကွာ။ ဒီတစ်ခါ ကိုယ်မေးခွန်းထုတ်ရဦးမှာပဲ” ဗညား၏စကားကို လဂွန်းအိမ်က နားစွင့်နေရင်း နှုတ်ဆိတ်နေ၏။ 
“မေးပြီနော် လဂွန်းအိမ်ရေ၊ ဉာဏ်စမ်းမေးခွန်းက မတီးကောင်းသောမောင်း ဆိုတာဘာလဲတဲ့။ စဉ်းစားပေတော့ သူငယ်ချင်းရေ” 

“ဒီတစ်ခါ အဖြေကတော့ရှင်းပါတယ်။ ကိုယ့်အနေနဲ့တော့ လွယ်တယ်ကွာ။ အဖြေက “ပျားအုံ”ပေါ့။ ပျားအုံကြီးက မောင်းသဖွယ်ကြီးမားနေလို့ မောင်းတီးသလိုတီးလိုက်ရင် ပျားအုံကြီးက ပျားတွေထွက်လာ ပြီး လိုက်တုပ်နိုင်တာကို တင်စားထားတာပဲပေါ့” 

ဗညား၏ ဉာဏ်စမ်းမေးခွန်းကို လဂွန်းအိမ်က ချက်ချင်းပင် ဖြေဆိုလိုက်ပြီး အဓိပ္ပာယ်ရှင်းလင်းချက်ကို တစ်ပါတည်းဖြေကြားလိုက် ခြင်းကြောင့် လဂွန်းအိမ်ကို ဗညားက ချီးကျူးစကားဆိုလိုက်သည်။ 

ထိုစဉ် ဘုန်းတော်ကြီးကျောင်းမှ နာရီသံချောင်းခေါက်သံနှစ်ချက် ထွက်ပေါ်လာသည်။ ယင်းအသံသည် ကျက်မှတ်ထားသည့် သင်ခန်းစာများကို လက်တွေ့ရေးသားဖြေဆိုကြရမည့် အသိပေးသံချောင်းခေါက်သံဖြစ်သဖြင့် ဗညားနှင့်လဂွန်းအိမ်တို့ ဘုန်းကြီးကျောင်းပေါ်သို့   အပြေး တက်သွားကြတော့သည်။

တက္ကသိုလ်သျှင်ရတနာ