နေပြည်တော် ဧပြီ ၄

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်ဇော်အေး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ဗထူးတပ်နယ်ရှိ တပ်မတော် (ကြည်း) အရာခံနှင့် အကြပ်ကြီး သင်ကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) သည် အဖွဲ့ဝင်များနှင့်အတူ တပ်မတော် (ကြည်း) အရာခံနှင့် အကြပ်ကြီး သင်ကျောင်းသို့ သွားရောက်၍ မြဝတီစာသင်ဆောင်၌ ကွန်ပျူတာဒီပလိုမာ တပ်ကြပ်ကြီး/ စာရေးသင်တန်း သားများအား သင်ခန်းစာများအလိုက် စာတွေ့လက်တွေ့ လေ့ကျင့်သင်ကြားပေးနေမှုများနှင့် သင်တန်း ခန်းမဆောင်များအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ထို့နောက် သင်တန်းခန်းမ ရှင်းလင်းဆောင်၌ တပ်မတော် (ကြည်း) အရာခံနှင့် အကြပ်ကြီးသင်ကျောင်း ကျောင်းအုပ်ကြီးက တပ်တည်ဆောက်ရေး လုပ်ငန်းကြီး(၄)ရပ် အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှု၊ လေ့ကျင့်ရေးဆိုင်ရာ ကိစ္စရပ် များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) က လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။

စနစ်တကျလေ့လာ

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် တပ်မတော်(ကြည်း) အရာခံနှင့် အကြပ်ကြီးသင်ကျောင်းခန်းမ၌ ကွန်ပျူတာဒီပလိုမာ တပ်ကြပ်ကြီး/စာရေးသင်တန်းသားများအား တွေ့ဆုံ၍ အမှာစကား ပြောကြားရာတွင် သင်တန်းကျောင်း၏ ရည်ရွယ်ချက်နှင့်အညီ သင်ကြားပေးသည့် ဘာသာရပ်များကို ကျွမ်းကျင် ပိုင်နိုင်စွာ တတ်ကျွမ်းအောင် သင်ကြားလေ့ကျင့် ရန်လိုကြောင်း၊ Standard Army တည်ဆောက်မှုကို အထောက်အကူပြုနိုင်ရန် ဖွံ့ဖြိုးတိုးတက်လာသည့် ကွန်ပျူတာနည်းပညာကို စနစ်တကျ လေ့လာသွားရန်လိုကြောင်း၊ မိမိတို့၏ Professional ပညာရပ်အပေါ် လုပ်ငန်းခွင်တွင် ပိုင်နိုင်စွာ အသုံးချနိုင်သည် အထိ သင်ကြားတတ်မြောက်ရန်နှင့် သင်ယူသည့် ပညာရပ်များအပေါ် “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဟူသော ဆောင်ပုဒ်နှင့်အညီ လက်တွေ့အသုံးချနိုင် ရန်လိုကြောင်း၊ သင်တန်းပြီးဆုံး၍ လုပ်ငန်းခွင် ဝင်ရောက်သည့် အချိန်တွင်လည်း အချိန်နှင့်အမျှ ပြောင်းလဲ တိုးတက်နေသည့် နည်းပညာများကို မျက်ခြည်မပြတ် ဆက်လက်လေ့လာရန်လိုကြောင်း။

ဖြတ်သန်းကျော်လွှားခဲ့

တာဝန်ထမ်းဆောင်ရာတွင် တပ်မတော်သားများဖြစ်၍ ပေးအပ်သည့်တာဝန်ကို အမိန့်နာခံမှုဖြင့် ကျေပွန်စွာ ထမ်းဆောင်ရန်နှင့် နိုင်ငံ့အရေး ကမ္ဘာ့ အရေးတို့ကို လေ့လာသိရှိနေရန်လိုကြောင်း၊ တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော် ကာကွယ်ရေးတာဝန်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲမသမာမှုများမှတစ်ဆင့် နိုင်ငံတော် အာဏာအရပ်ရပ်ကို အဓမ္မနည်းဖြင့် ရယူရန် ကြိုးပမ်းလာမှုအပေါ် ဒီမိုကရေစီ လမ်းကြောင်းပေါ်မှ သွေဖည်တိမ်းစောင်းမှု မဖြစ်ပေါ်စေရေး တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ခုနှစ် နှင့်အညီ အရေးပေါ်ကာလ ပြဋ္ဌာန်းချက်ပါအတိုင်း တာဝန်ယူထမ်းဆောင်ခဲ့ရခြင်း ဖြစ်ကြောင်း၊ အရေးပေါ်ကာလ ၁ နှစ်ကျော်ကာလအတွင်း အခက် အခဲအမျိုးမျိုး၊ စိန်ခေါ်မှုအမျိုးမျိုးတို့ကို သစ္စာရှိ ဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တိုင်းရင်း သားပြည်သူများ၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် ဖြတ်သန်း ကျော်လွှားခဲ့ပြီးဖြစ်ကြောင်း။

၂၀၂၁ ခုနှစ်ကာလအတွင်း နိုင်ငံတော်အား အလုံးစုံပျက်သုဉ်းရေး ဦးတည်ချက်ဖြင့် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုများမှတစ်ဆင့် သွေးထိုးလှုံ့ဆော်မှု၊ ခြိမ်းခြောက်မှုများကြောင့် စက်ရုံအလုပ်ရုံများ မီးရှို့ခြင်း၊ လိုက်ပါလုပ်ဆောင်မှုမရှိသူများကို ဒလန် အဖြစ် သတ်ဖြတ်ခြင်း၊ တရားမဝင် လက်နက်ပုန်းများ၊ ဖောက်ခွဲရေးပစ္စည်းများဖြင့် ခြိမ်းခြောက်အကျပ်ကိုင်ခြင်း၊ ငွေကြေးရယူ၍ အကြောင်းမဲ့သတ်ဖြတ်ခြင်း စသည့် အကြမ်းဖက် လုပ်ရပ်များ ဆောင်ရွက်လာကြကြောင်း၊ တစ်ဖက်တွင်လည်း အစိုးရယန္တရားရပ်တန့် စေရန် ရည်ရွယ်၍ နိုင်ငံ့ဝန်ထမ်းအချို့အား မက်လုံးပေးခြင်း၊ ခြိမ်းခြောက်ခြင်းတို့ဖြင့် CDM ပြုလုပ်စေခြင်း၊ လိုက်ပါဆောင်ရွက်မှု မပြုသူများကို Social Punishment ပြုလုပ်၍ ဖိအားပေးခြင်းတို့မှ တစ်ဆင့် အစိုးရတစ်ရပ် ပြုတ်ကျစေရန် ပြုလုပ်ခဲ့ ကြောင်း၊ သို့ရာတွင် ဝန်ထမ်းအချို့ CDM ပြုလုပ်မှု ကြောင့် လစ်လပ်ခဲ့ရသည့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်း အချို့ အား တပ်မတော်သားပညာရှင်များနှင့် သစ္စာရှိ နိုင်ငံ့ဝန်ထမ်းတို့က ဖြည့်ဆည်းဆောင်ရွက်ခဲ့ကြကြောင်း။

 ဦးလည်မသုန်ထမ်းဆောင်

ပြည်ပနိုင်ငံကြီးအချို့အနေဖြင့် ပထဝီနိုင်ငံရေးအရ ဩဇာလွှမ်းမိုးနိုင်ရေး ကြိုးပမ်းခဲ့ရာ EAOs အချို့အပါအဝင် အကြမ်းဖက်အဖွဲ့ အမျိုးမျိုးက နည်းမျိုးစုံဖြင့်၊ ထောက်ပံ့မှုအမျိုးမျိုးဖြင့် သိမ်းသွင်း၍ ဖောက်ခွဲဖျက်ဆီးရေးသင်တန်းနှင့် အကြမ်းဖက် လုပ်ရပ်သင်တန်းများကို ပြုလုပ်စေ၍ အစိုးရ ရပ်တည်၍ မရအောင် ဆောင်ရွက်လာကြောင်း၊ သို့သော် ပြည်သူလူထု၊ သစ္စာရှိနိုင်ငံ့ဝန်ထမ်းများ၊ လုံခြုံရေးအဖွဲ့ဝင်များ၏ စည်းလုံးညီညွတ်မှုဖြင့် ကြံ့ကြံ့ခံကာ ရင်ဆိုင်ကျော်လွှားနိုင်ခဲ့ပါကြောင်း၊ နည်းမျိုးစုံဖြင့် အလုံးစုံပျက်သုဉ်းရေး ဆောင်ရွက်မှုမအောင်မြင်ခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်တွင်လည်း အထက်ပါလုပ်ရပ်များအပြင်  တပ်မတော်၏ စည်းလုံးညီညွတ်မှုစွမ်းအားကို ဖြိုခွဲရန် ဦးတည် ကြိုးပမ်းလာခဲ့ကြောင်း၊ တပ်မတော်အနေဖြင့် လွတ်လပ်ရေးရယူကာ စတင်တည်ထောင်ချိန်မှစတင် ၍ ယနေ့အထိ နိုင်ငံ့အရေးကို အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် ဦးလည်မသုန် ထမ်းဆောင်ခဲ့ပြီး နိုင်ငံတော်အပေါ် ဘေးအန္တရာယ်အမျိုးမျိုး မကျရောက်စေရန် တားဆီးကာကွယ်ခဲ့ပါကြောင်း၊ အကြမ်းဖက်အဖွဲ့အစည်းအသီးသီးအနေဖြင့် ပြည်ပ နိုင်ငံကြီးအချို့၏ နယ်ရုပ်များသဖွယ် ခိုင်းစေသည့် အတိုင်း အခိုင်မာဆုံး Institution တစ်ခုဖြစ်သည့် တပ်မတော်ကို ဖြိုခွဲရန် ကြိုးပမ်းလာခြင်းသာ ဖြစ်ကြောင်း။                 

မိမိတို့ မြန်မာအများစု၏ စိတ်ဓာတ်သည် “ခြောက်တိုင်းလဲ မကြောက်၊ ချော့တိုင်းလည်း မပျော့ဘဲ” မှန်ကန်သည့်ဘက်၌ ပြတ်သားစွာ ရပ်တည်သူများ ဖြစ်ကြကြောင်း၊ တပ်မတော်အပေါ် တွင်လည်း နိုင်ငံကြီးအချို့၏ ခြိမ်းခြောက်မှု၊ ဝင်ရောက်စွက်ဖက်မှု၊ လူမျိုးတုံးသတ်ဖြတ်သူများအဖြစ် စွပ်စွဲမှုများဖြင့် ဖိအားပေးနှောင့်ယှက်နေ သော်လည်း တပ်မတော်အနေဖြင့် စုပေါင်းညီညွတ်မှု စွမ်းအားဖြင့် အဘက်ဘက်မှ အောင်မြင်စွာ ကျော်ဖြတ် သွားမည်ဖြစ်ကြောင်း၊ တပ်မတော်သားများနှင့် မိသားစုအားလုံးတို့သည် အေးအတူပူအမျှဖြင့် “ဘယ်သူခွဲခွဲ တို့မကွဲ အမြဲစည်းလုံးမည်” ဟူသော စုစည်းညီညွတ်မှုဖြင့် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်များတွင် ကျော်လွှားနိုင်ခဲ့ကြောင်း၊ ဆက်လက်၍လည်း ကျော်လွှားကြရမည်ဖြစ်ကြောင်း၊ လွတ်လပ်သည့်အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် အဓွန့်ရှည် ရပ်တည်နိုင်ရန် စည်းလုံးညီညွတ်မှုသည် အခြေခံ လိုအပ်ချက်ဖြစ်ကြောင်း။

ထိုသို့ အခက်အခဲများနှင့် စိန်ခေါ်မှုမျိုးစုံတို့ကို ရင်ဆိုင်ဖြေရှင်းရာတွင် တပ်မတော်သားတိုင်း တစ်ဦးချင်း၊ မိသားစုတစ်ဦးချင်းအနေဖြင့် အရေးကြီးဆုံး အချက်မှာ ကျန်းမာကြံ့ခိုင်နေရန် လိုကြောင်း၊ ကျန်းမာရေးနှင့်ညီညွတ်သည့် သွားလာ၊ နေထိုင်၊ စားသောက်မှုပုံစံဖြင့် လှုပ်ရှားဆောင်ရွက်မှသာ ကျန်းမာကြံ့ခိုင်နေမည်ဖြစ်ကြောင်း၊ စစ်သည်တော် ကျင့်ဝတ် အပါး(၆၀)တွင် စစ်သည်တစ်ဦးချင်းအလိုက် ကောင်းမွန်သော စည်းကမ်းစနစ်တကျ နေထိုင်မှုပုံစံ သတ်မှတ်ပေးထားပြီးဖြစ်၍ လိုက်နာစောင့်ထိန်းရန်လိုကြောင်း၊ ပြည်ပနိုင်ငံကြီးအချို့နှင့် အကြမ်းဖက် အဖွဲ့အစည်းများအနေဖြင့် နိုင်ငံရေးအရ၊ စီးပွားရေး အရ၊ လူမှုရေးအရ၊ မီဒီယာအရ နည်းအမျိုးမျိုးဖြင့် ဖိအားပေးရန် ကြိုးပမ်းနေမှုများကို တပ်မတော်သားများအနေဖြင့် ပေးအပ်သည့် တာဝန်ဝတ္တရားများအပေါ် သစ္စာရှိရှိကျေပွန်စွာ ထမ်းဆောင်ကြရန် လိုကြောင်း၊ နိုင်ငံတော်က အားကိုးရသော၊ နိုင်ငံတော်အပေါ် သစ္စာရှိသော၊ တပ်မတော်က အားကိုးရသော၊ တပ်မတော်ကို သစ္စာရှိသော၊ တပ်မတော်သားများ ဖြစ်အောင် အစဉ်ကြိုးပမ်းဆောင်ရွက်သွားရန် လိုကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက သင်တန်းသားများနှင့် နည်းပြအရာရှိများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ရာ ကျောင်းအုပ်ကြီးက လက်ခံရယူသည်။ အလားတူ ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေးက သင်တန်းသားများအတွက် အားကစားပစ္စည်းများကို ပေးအပ်ရာ သင်တန်းသားများကိုယ်စား ဒုတိယ ကျောင်းအုပ်ကြီးက လက်ခံရယူသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် တပ်မတော် (ကြည်း) အရာခံနှင့် အကြပ်ကြီးသင်ကျောင်းရှိ နို့စားနွားနှင့် ဝက်မွေးမြူရေးခြံကို သွားရောက်ကြည့်ရှုစစ်ဆေး ပြီး လိုအပ်သည်များ မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် အဖွဲ့ဝင်များ သည် အဆိုပါ သင်တန်းကျောင်းရှိ သင်တန်းသား စုပေါင်းစားရိပ်သာ၌ သင်တန်းသားများနှင့်အတူ နေ့လယ်စာကို အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်