နေပြည်တော် ၊  ဧပြီ ၁၈

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးသည် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ ပြင်ဦးလွင် ကော်ဖီဥယျာဉ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းသို့ ကြည့်ရှုစစ်ဆေးသည်။

 

ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီး က ပြင်ဦးလွင်ကော်ဖီဥယျာဉ်ကို သဘာဝအတိုင်း အမြင်ဆန်းသစ်သည့် ဝန်းကျင်တစ်ခုဖြစ်ရေးနှင့် ကော်ဖီနှင့်ပတ်သက်၍ တစ်နေရာတည်းတွင် စုံလင်စွာ လေ့လာနိုင်ရေးတို့အတွက် စနစ်တကျ စီမံဆောင်ရွက်ရန် လိုအပ်ချက်များ၊ လာရောက်လေ့လာသူများ နားနေနိုင်ရေးနှင့် ကော်ဖီစိုက်ခင်းအခြေခံ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

 

မြန်မာ့ကော်ဖီ အရည်အသွေးနှင့် ထုတ်လုပ်မှုတိုးတက်ပြီး ကမ္ဘာ့ကော်ဖီဈေးကွက်သို့ ပိုမိုထိုးဖောက်နိုင်ရေးနှင့် ပြင်ဦးလွင်မြို့ကို ကော်ဖီမြို့တော်အဖြစ် ပိုမိုထင်ရှားစေရေးအတွက် ကော်ဖီနည်း ပညာဖွံ့ဖြိုးရေးခြံ (ပွေးတောင်ကော်ဖီခြံ) ၏ ရေမြေနှင့် သဘာဝပတ်ဝန်းကျင် တိုးတက်ကောင်းမွန်စေရန် ပြင်ဦးလွင်ကော်ဖီ ဥယျာဉ်အဖြစ် အဆင့်မြှင့်တင် ပြုပြင်တည်ဆောက်လျက်ရှိရာ ကော်ဖီစိုက်ပျိုးခြင်းနှင့် ပတ်သက်သော အသိပညာ၊ နည်းပညာပေးလုပ်ငန်းများ၊ ထုတ်လုပ်ပုံနည်းစနစ်အဆင့်ဆင့်၊ ကော်ဖီမျိုးကွဲများနှင့် မျိုးထိန်းစိုက်ကွက်များ လေ့လာနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်