စလင်း  မေ  ၃

 

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းကို မေ၂ ရက်က အောက်လှိုင်းကျေးရွာ အခြေခံပညာမူလတန်း ကျောင်းတွင် ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။

 

သင်တန်းတွင် စလင်းမြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးခိုင်မှ အခြေခံစက်ချုပ်သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်လျုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်မှ ယခုဖွင့်လှစ်သောသင်တန်းသည် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိပြီး အခြေခံစက်ချုပ်သင်တန်းဖြစ်ပါကြောင်း၊ သင်တန်းတက်ရောက်သူများအနေဖြင့် သင်တန်းပြီးဆုံးသည်ထိ တက်ရောက်ပြီး သင်တန်းမှတတ်မြောက်သည့် အခြေခံစက်ချုပ်ပညာများကို အသုံးချကာ မိသားစုစီးပွားရေး တိုးပွားလာအောင်ပြုလုပ်ကြရန် ဆွေးနွေးမှာကြား ခဲ့သည်။

 

ထို့နောက် စက်ချုပ်သင်တန်းနည်းပြ ဆရာမ ဒေါ်သက်မှ အခြေခံစက်ချုပ်သင်တန်းတွင်၊ မဝတ်ဂါဝန်၊ မလုံချည်စကပ်၊ မရင်စေ့၊ ရင်ဖုံးနှင့် မဝတ်ခေါင်းစွပ်၊ လည်ပင်းပုံစံအမျိုးမျိုး၊ ပုဆိုးချုပ်နည်း စသည့် ချုပ်နည်း(၁၅)မျိုးတို့ကို စာတွေ့လက်တွေ့များဖြင့် ကိုယ်ပိုင်ချုပ်လုပ် ရောင်းဝယ်နိုင်သည်အထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

သင်တန်းသို့ သင်တန်းသူ (၃၀)ဦးတက်ရောက်၍ သင်တန်းကာလမှာ မေ ၂ ရက်မှ ၃၁ ရက်နေ့အထိ သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

မောင်လွင်(စလင်း)