ဘရာဇီးလေယာဉ်ပျက်ကျမှုကြောင့် လူနှစ်ဦးသေဆုံး၊ ၁၄ ဦး ဒဏ်ရာရ

မေ ၁၂

 

ဘရာဇီးနိုင်ငံ ဘိုတူဗာမြို့တွင် ယမန်နေ့က ခရီးသည်အနည်းငယ်ဆံ့သော အပေါ့စားလေယာဉ်တစ်စီး ပျက်ကျမှုဖြစ်ပွား ခဲ့ပြီးနောက် လူနှစ်ဦးထက်မနည်းသေဆုံးခဲ့ပြီး ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားသည်။

 

အပျော်လေထီးခုန်သမားများလိုက်ပါလာသော ထိုလေယာဉ်သည် ဘိုတူဗာမြို့ရှိ အမျိုးသားလေထီးခုန်စင်တာမှ ပျံသန်းထွက်ခွာလာပြီးနောက် ရုတ်တရက်အောက်သို့ ထိုးကျသွားသည်ဟု သိရသည်။ 

 

လေယာဉ်မှူးတစ်ဦးနှင့် အပျော်စီးလေထီးခုန်သမား ၁၅ ဦးလိုက်ပါလာသည့် ယင်းလေယာဉ်ကို Skydive4Fun ခရီးသွားကုမ္ပဏီက ပိုင်ဆိုင်ကြောင်း ဘိုတူဗာမြို့တော်ဝန်ရုံးက သတင်းထုတ်ပြန်ထားသည်။

 

ဘိုတူဗာ၏နှစ် ၅၀ ကြာ ရှိသည့်လေထီးခုန်သမိုင်းကြောင်းတွင် အမျိုးသားလေထီးခုန်စင်တာ၌ ထိုလေယာဉ် မတော်တဆမှုဖြစ်ပွားခြင်းမှာ ပထမဆုံးဖြစ်ကြောင်းနှင့် ထိုလေယာဉ်မတော်တဆမှုဖြစ်ပွားသည့်အတွက် အလွန်အမင်း ဝမ်းနည်းရသည့်နေ့တစ်နေ့ဖြစ်ပါကြောင်း ထိုမြို့တော်ဝန်အက်ဆန်မာကတ်ဆိုက ပြောကြားသည်။

 

မီးသတ်ဌာနပြောရေးဆိုခွင့်ရှိသူတစ်ဦးက ၎င်းလေယာဉ်ပျက်ကျမှုကြောင့် ဒဏ်ရာရရှိသူများအား အနီးနားရှိ ဆေးရုံအသီးသီးသို့ပို့ဆောင်ပေးခဲ့ကြောင်းနှင့် ကျွမ်းကျင်ပညာရှင်များက ထိုလေယာဉ်ပျက်ကျသည့်နေရာ၌ စုံစမ်းစစ်ဆေးမှုလုပ်ဆောင်နေကြောင်း ဘရာဇီးလေကြောင်းတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို