ကမ္ဘာ့ဝယ်သာဝိတ်ချန်ပီယံဟောင်း ကဲလ်ဘရွတ် လက်ဝှေ့သမားဘဝမှ အနားယူလိုက်ပြီ

ဗြိတိန်ရဲ့ ကမ္ဘာ့ဝယ်သာဝိတ်ချန်ပီယံဟောင်း ကဲလ်ဘရွတ်ဟာ လက်ဝှေ့သမားဘဝကနေ အနားယူ လိုက်ပြီဖြစ်ပါတယ်။ ကဲလ်ဘရွတ်ဟာ ပရော်ဖက်ရှင်နယ်လက်ဝှေ့သမားဘဝမှာ ၄၃ ပွဲ ပါဝင်ယှဉ်ပြိုင် ထိုးသတ်ခဲ့ရာမှာ ပွဲပေါင်း ၄၀ အထိစံချိန်တင်နိုင်ပွဲရရှိခဲ့သူဖြစ်ပါတယ်။

အသက် ၃၆ နှစ်အရွယ်ရှိ ကဲလ်ဘရွတ်ရဲ့ နောက်ဆုံးယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ လက်ဝှေ့ပွဲဟာ ဖေဖော်ဝါရီလ အတွင်းက အမီရာခန်နဲ့ ထိုးသတ်ခဲ့တဲ့ပွဲစဉ်ဖြစ်ပြီး အဲဒီပွဲစဉ်မှာ ကဲလ်ဘရွတ်က အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

ကဲလ်ဘရွတ်ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ ၄၃ ပွဲအနက် အနိုင်ရရှိခဲ့တဲ့ ပွဲ ၄၀ ထဲမှာ ၂၈ ပွဲက အလဲထိုးနိုင်ပွဲ ရရှိခဲ့တာဖြစ်ပြီး အခြားသုံးပွဲကတော့ ရှုံးပွဲကြုံခဲ့ရတာဖြစ်ပါတယ်။ ရှုံးနိမ့်ခဲ့တဲ့ သုံးပွဲကတော့ မစ်ဒယ်ဝိတ် တန်းမှာ ဂိုလော့ဗ်ကင်နဲ့ ဝယ်သာဝိတ်တန်းမှာ ခရာဖို့ဒ်နဲ့ အာရိုးလ်စပန့်ဂျူနီယာတို့ကို ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ကဲလ်ဘရွတ်ဟာ အမေရိကန်လက်ဝှေ့သမား ရှောင်ပေါ့တာကို အမှတ်ဖြင့် အနိုင်ယူကာ ၂၀၁၄ ခုနှစ် ကနေ ၂၀၁၇ ခုနှစ်အထိ အိုင်ဘီအက်ဖ် ကမ္ဘာ့ချန်ပီယံခါးပတ်ကို သိမ်းပိုက်ထားနိုင်ခဲ့တာကြောင့် ၂၀၁၇ ခုနှစ်အတွင်း ကမ္ဘာ့အကောင်းဆုံးဝယ်သာဝိတ်ချန်ပီယံအဖြစ် The Ring မဂ္ဂဇင်းကနေ ဖော်ပြခံခဲ့ရသူဖြစ်ပါတယ်။

ငွေကြယ်