မြောက်ကိုရီးယားနိုင်ငံ၌ ဖျားနာနေသူ ၁၈၀၀၀၀ ကျော်ကို သီးသန့်ခွဲခြားထား

မေ ၁၃

 

မြောက်ကိုရီးယားနိုင်ငံတွင် ဧပြီလနှောင်းပိုင်းမှစတင်ကာ အမျိုးအမည်မသိသောဖျားနာမှုများဖြစ်ပွားနေသူ ၃၅၀၀၀၀ ကျော်ရှိသည်ဟု မြောက်ကိုရီးယားကဆိုသည်။ လူပေါင်း ၁၈၀၀၀၀ ကျော်ကို သီးသန့်ခွဲခြားထားကာ နိုင်ငံတစ်ဝန်းတွင် ကုသမှုပေးနေသည်ဟု ထပ်လောင်းဖော်ပြထားသည်။

 

ယမန်နေ့က ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုပထမဆုံးတွေ့ရှိခဲ့ကြောင်း မြောက်ကိုရီးယားက အတည်ပြုထုတ်ပြန်ပြီးနောက်တွင် ယင်းကဲ့သို့ဖြစ်လာခြင်း ဖြစ်သည်။ ခေါင်းဆောင်ကင်ဂျုံအန်က နိုင်ငံအတွင်းရှိ ခရိုင်နှင့်မြို့များအားလုံးကို လော့ဒေါင်းချရန် အမိန့်ပေးခဲ့သည်။

 

ခေါင်းဆောင်ကင်ဂျုံအန်သည် နိုင်ငံ၏အရေးပေါ်ကပ်ရောဂါကာကွယ်ရေး ဌာနချုပ်သို့ ယမန်နေ့သွားရောက်ခဲ့သည်ဟု နိုင်ငံပိုင်ကိုရီးယားဗဟိုသတင်းအေဂျင်စီ(ကေစီအင်န်အေ)က ဖော်ပြထားသည်။ ထိုရောဂါကူးစက်မှုအခြေအနေနှင့် ပတ်သက်ပြီး ထိုဌာနချုပ်က ကင်ကို အကျဉ်းချုပ်ပြောကြားခဲ့သည်။

 

နိုင်ငံတစ်ဝန်းတွင် အမျိုးအမည်မသိဖျားနာမှုပြင်းထန်စွာဖြစ်ပွားနေကြောင်းနှင့် ယမန်နေ့က လူပေါင်း ၁၈၀၀၀ ကျော် ဖျားနာနေသည်ဟုအတည်ပြုထုတ်ပြန်ကာ သီးသန့်ခွဲခြားနေထိုင်စေကြောင်း ဖော်ပြထားသည်။

 

ဖျားနာနေသူ ၁၈၇၈၀၀ ကို သီးသန့်ခွဲထားပြီး ကုသပေးနေသည်ဟု ကေစီအင်န်အေက ဖော်ပြထားသည်။ လူခြောက်ဦးသေဆုံးခဲ့ပြီး ၎င်းတို့အနက်မှတစ်ဦးသည် ဘီအေ-၂ အမျိုးအစား အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ခံရသည်ဟု သိရသည်။

 

ကင်က ဗိုင်းရပ်စ်ကူးစက်မှုမပြန့်ပွားစေရန် အထူးသဖြင့် မြို့တော်ပြုံယမ်းတွင် ရောဂါကူးစက်မှုထပ်မံမဖြစ်ပွားစေရန် တာဝန်ရှိသူများအား ညွှန်ကြားထားသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို