ပါကစ္စတန်နိုင်ငံ ကရာချီမြို့၌ ပေါက်ကွဲမှုဖြစ်ပွားသဖြင့် လူ ၁၃ ဦး ဒဏ်ရာရ

မေ ၁၃

 

ပါကစ္စတန်နိုင်ငံတောင်ပိုင်း ဆင်းဒ်ပြည်နယ် ကရာချီမြို့ရှိ ဈေးဧရိယာအတွင်း  ယမန်နေ့ညနှောင်းပိုင်းက ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီးနောက် လူ ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဆေးရုံတာဝန်ရှိသူများက ပြောကြားသည်။

 

ဒဏ်ရာရှိသူများမှာ အခြေအနေစိုးရိမ်ရကြောင်း၊ ၎င်းတို့အနက်အများစုသည် ပေါက်ကွဲစေတတ်သော ပစ္စည်းများမှ ဘောဘယ်ယာရင်ဘောစေ့လေးများ ထိမှန်ခဲ့ပြီး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်းနှင့် ထိုဒဏ်ရာရရှိသူများအား ဂျေပီအမ်စီဆေးကုသမှုစင်တာသို့ ပို့ဆောင်ခဲ့သည်ဟု သိရသည်။

 

အဆိုပါပေါက်ကွဲမှုဖြစ်ပွားရသည့် အကြောင်းရင်းကို သိရှိရန်စုံစမ်းစစ်ဆေးမှုစတင်လုပ်ဆောင်နေပြီး ထိုမြို့အတွင်းရှိ ဆေးရုံအသီးသီးတွင် အရေးပေါ်အခြေအနေချမှတ်ထားသည်ဟု ပြန်ကြားရေးဝန်ကြီးကဆိုသည်။

 

ထိုနေရာ၌ လူနေထူထပ်နေစဉ် ထိုပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းပေါက်ကွဲမှုဖြစ်ပွားချိန်တွင် လမ်းသွားလမ်းလာများ များပြားလျက်ရှိနေကြောင်း ကယ်ဆယ်ရေးသမားတစ်ဦးက ပြောကြားသည်။

 

ပါကစ္စတန်နိုင်ငံဝန်ကြီးချုပ် ရှာဘတ်ရှာရစ်ဖ်က ထိုပေါက်ကွဲမှုကို ရှုတ်ချခဲ့ပြီး ယင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူများကို အကောင်းဆုံးဆေးဝါးကုသမှုပေးရန် ညွှန်ကြားထားသည်။

 

ပါကစ္စတန်ကမ်းခြေစောင့်တပ်၏မော်တော်ယာဉ်တစ်စီးဖြတ်သန်းမောင်းနှင်လာစဉ် အမှိုက်ပုံးအတွင်းဖွက်ထားသော ပေါက်ကွဲစေတတ်သောပစ္စည်းကို  အမည်မသိ စစ်သွေးကြွများက ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ သတင်းရင်းမြစ်ကို ကိုးကားပြီး ဒေသန္တရရုပ်မြင်သံကြားချန်နယ် အေအာဝိုင်သတင်းဌာနက ဖော်ပြထားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို