လားရှိုးမြို့၌ (၁၆)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော် ကျင်းပ

လားရှိုး မေ  ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ ရန်တိုင်းအောင် ဆုတောင်းပြည့် မြို့ဦးစေတီတော်ရှိ မဟာဗောဓိ ညောင်ပင်၌ မေ ၁၄ ရက် နံနက်ပိုင်းက (၁၆)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော် ကျင်းပခဲ့သည်။

(၁၆)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်သို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့်ဇနီး တက်ရောက်ကာ နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုဖွင့်လှစ်ပြီး တက်ရောက်လာကြသော ဧည့်သည်တော်များ စုပေါင်း၍ ဗုဒ္ဓမြတ်စွာဘုရားကျင့်စဉ် ပါရမီဆယ်ပါး အပြားသုံးဆယ် စုပေါင်းရွတ်ဆို ပူဇော်ခဲ့ကြသည်။

ထို့နောက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့်ဇနီး၊ အရာရှိကြီးများ၊ ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးမျိုးကျော်နှင့်ဇနီး၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး ရဲမျူးကြီး ဗညားဦး၊ လားရှိုးခရိုင် အုပ်ချုပ်ရေးမှူးနှင့်ဇနီး၊ လားရှိုးမြို့နယ် အုပ်ချုပ်ရေးမှူးနှင့်ဇနီးတို့နှင့် တွဲဖက်ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများက မဟာဗောဓိညောင်ပင်ကို နံ့သာရည်၊ ရေကြည်ရေသန့်များဖြင့် သွန်းလောင်းခဲ့ကြပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

ဟန်ဌေး(လားရှိုး)