နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် ဇနီးများ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်

နေပြည်တော်၊ မေ ၁၄

 

နေပြည်တော်ကောင်စီမှကြီးမှူး၍ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ရန်အောင်မြင် ရွှေလက်လှစေတီတော်မြတ်ကြီး ပရိဝုဏ်အတွင်း အနောက်မြောက်အရပ်ရှိ မဟာဗောဓိညောင်ပင်တော်တွင် ကျင်းပရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် ဇနီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်၍ ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ကြသည်။

 

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က ရန်အောင်မြင် ရွှေလက်လှစေတီ တော်မြတ်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပန်း၊ ရေချမ်း၊ ဆီမီးတို့ ကပ်လှူပူ‌ဇော်သည်။

 

ထို့နောက် မဟာဗောဓိညောင်ပင်တော်အား ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခြင်း မင်္ဂလာ အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး အခမ်းအနားမှူးက ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ရန်ပန်ကြားသည့် မဟာဗောဓိ ရုက္ခသိဉ္ဇနပူဇာ ဂါထာကို ဖတ်ကြားပူဇော်သည်။

 

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် ၊ နေပြည်တော် ကောင်စီအဖွဲ့ဝင် များနှင့်ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက သတ်မှတ်ထားသည့် နေရာများအလိုက် ကဆုန် ညောင်ရေသွန်း လောင်းပူဇော်၍ အမွေးနံသာရည်ဖြင့် ပက်ဖြန်းပူဇော်ကြပြီး မဟာဗောဓိညောင်ပင်အား လက်ယာရစ် လှည့်လည် ပူဇော်ခဲ့ကြကြောင်းသိရသည်။

(ခရိုင် ပြန်/ဆက်)