ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့) ၌ ရန်ကုန်မြို့ရှိ ရွေတိဂုံစေတီတော်မြတ်ကြီး အပါအဝင် ဘုရား၊ စေတီများတွင် ကုသိုလ်ကောင်းမှု ပြုကြသူဖြင့် စည်ကားလျက်ရှိ

ရန်ကုန် မေ ၁၄

 

ဖွား၊ ပွင့်၊ ဟော၊ စံ ဗျာဒိတ်ခံသည့် ကဆုန်လပြည့်(ဗုဒ္ဓနေ့)သည် ဗုဒ္ဓ ဘာသာဝင်များ၏ နေ့ထူးနေ့မြတ်ဖြစ်သည့် အားလျော်စွာ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီး အပါအဝင် ဘုရားစေတီများ၌ ဥပုသ်သီတင်း ဆောက်တည်ကြသူများ၊ ကုသိုလ်ကောင်းမှုပြုကြသူများ၊ ညောင်‌ရေသွန်းလောင်းကြသူများဖြင့် စည်ကား လျက်ရှိသည်ကို တွေ့မြင်ရသည်။

 

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့တို့ ပူးပေါင်း ကျင်းပသည့် ၃၉ ကြိမ်မြောက် ကဆုန်ညောင်ရေသွန်း လောင်းပူဇော်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၅) နာရီမှ စတင်၍ ရွှေတိဂုံစေတီတော်ရင်ပြင်ရှိ သတ်မှတ်နေရာ အသီးသီး၌ ကျင်းပသည်။

 

ရှေးဦးစွာ ရွှေတိဂုံစေတီတော်မြတ်ကြီးအား အရုဏ်ဆွမ်းတော်ကြီး ဆက်ကပ်လှူဒါန်းပွဲကို စေတီတော် ရင်ပြင်ရှိ ဧည့်ခံတန်ဆောင်း၌ကျင်းပရာ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဂေါပကအဖွဲ့ဝင်များနှင့် ဘာသာရေးဝတ်အသင်းအဖွဲ့များက ဗုဒ္ဓပူဇာအဖြစ် ဗုဒ္ဓမြတ်စွာ ဘုရားရှင်အား အရုဏ်ဆွမ်းတော်ကြီးနှင့် ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ ဆီမီးများ ဆက်ကပ်လှူဒါန်း ပူဇော် ကြသည်။

 

ထို့နောက် စိန်ရောင်ခြည် ဘုရားပင့်ဂါထာဖြင့် ဘုရားရှင်ကို ပင့်လျှောက် ခြင်း၊ စေတီတော်မြတ်ကြီးအား မြတ်ဘုရားရွှေတိဂုံ  ဂါထာဖြင့်ရှိခိုးပူဇော်ခြင်း၊ နဝင်္ဂသီလ ခံယူဆောက်တည်ခြင်း၊ ဘုရား၊တရား၊သံဃာ ဂုဏ်တော်များ ရွတ်ပွားပူဇော်ခြင်း၊ မေတ္တာဘာဝနာပွားများခြင်း၊ ဆုတောင်းအမျှဝေ သာဓုခေါ်ဆိုခြင်းတို့ ပြုလုပ်ကြသည်၊၊

 

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဂေါပကအဖွဲ့ဝင်များသည် ရွှေတိဂုံစေတီတော် ရှေးဟောင်းဗုဒ ရုပ်ပွားတော်များတန်ဆောင်း၌ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဩဝါဒါစရိယဆရာတော်ကြီးများအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းကြသည်၊၊

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီး၊ ဂေါပကအဖွဲ့ဝင်များနှင့် ဘာသာရေးဝတ် အသင်းအဖွဲ့များသည် (၃၉)ကြိမ်မြောက် ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ပွဲ ကျင်းပရန် စေတီတော်ရင်ပြင် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်းစုရပ်မှ ရွှေတိဂုံစေတီတော်မြတ်ကြီးအား လက်ယာရစ် လှည့်လည်ပူဇော်ကြပြီး အခမ်းအနားကျင်းပမည့် မဟာဗောဓိညောင်ပင်နေရာ၌ နေရာယူကြသည်၊၊

 

ယင်းနောက် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဩဝါဒါစရိယ ဆရာတော်ကြီးများက ပရိဘောဂစေတီ (မဟာဗောဓိညောင်ပင်)အား ဗုဒ္ဓါဘိသေက မင်္ဂလာအနေကဇာ တင်လှူပူဇော်ကြသည်၊၊

 

ထို့နောက် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ အလှည့်ကျ သဘာပတိ က ဗောဒိရုက္ခဥဒကပူဇာ မင်္ဂလာကို လျှောက်ထားသည်၊၊

 

ယင်းနောက် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဩဝါဒါစရိယ ဆရာတော် မဟာဝိသုဒ္ဓါရုံ တိုက်သစ်ဦးစီးပဓာနနာယက တိပိဋကဓရ၊ တိပိဋက ဘဏ္ဍာဂါရိက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသီရိန္ဒာဘိဝံသ ထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ ဧည့်ပရိသတ်များက ကိုးပါးသီလ ခံယူဆောက်တည်ကြသည်၊၊

 

ထို့နောက်တိုင်းဒေကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဩဝါဒါစရိယ ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်၊၊

 

ယင်းနောက် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဩဝါဒါစရိယ ဆရာတော် အဂ္ဂမဟာ ဂန္တဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဒမ္မ ဇောတိကဓဇ တိပိဋကဓရ ပါဠိပါရဂူ ဘဒ္ဒန္တနာဂိတထံမှ အနုမောဒနာ တရားနာကြားပြီး လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်ချအမျှပေးဝေကြသည်၊၊

 

ထို့နောက် ဩဝါဒါစရိယဆရာတော်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များနှင့် ဘုရားဖူးလာပြည်သူများ ကဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းပူဇော်ကြသည်၊၊

 

ယနေ့တွင် စေတီတော်မြတ်ကြီးသို့ ဘုရားဖူးလာ ပြည်သူများအား အလှူရှင်များ က စတုဒိသာများ ကျွေးမွေးလှူဒါန်းကြသည်၊၊

 

အလားတူ ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်၊  ဆံတော်ရှင် ဆူးလေစေတီတော်ဂေါပက အဖွဲ့များက ကြီးမှူးကျင်းပသည့် ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ပွဲအခမ်းအနားများကို သက်ဆိုင်ရာ စေတီတော်များ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဂေါပက အဖွဲ့ဝင်များ ဘာသာရေးဝတ်အသင်းအဖွဲ့များနှင့် ဘုရားဖူးလာပြည်သူများက မဟာဗောဓိ ညောင်ပင်များ၌ ညောင်ရေသွန်းလောင်း ပူဇော်ကြသည်၊၊

 

ထို့ပြင် ဆဌသင်္ဂါယနာ သာသနာ့သမိုင်းဝင် သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော်၊ ရှေးဟောင်းသမိုင်းဝင် အပရာဇိတဆံတော်ရှင် ကျိုက်ဝိုင်းစေတီတော်တို့၌လည်း သက်ဆိုင်ရာစေတီတော် ဂေါပကအဖွဲ့များက ကြီးမှူး၍ ညောင်ရေသွန်းလောင်းပူဇော်ပွဲများ ကျင်းပကြကြောင်း သိရသည်။

(သတင်းစဉ်)