ပူတာအိုမြို့၌ ရဝမ်ရိုးရာယဉ်ကျေးမှုပြတိုက် စည်ကားခမ်းနားစွာဖွင့်လှစ်

မြစ်ကြီးနား မေ ၁၇

မြန်မာပြည်မြောက်ဖျား ပူတာအိုရှိ ရဝမ်တိုင်းရင်းသား လူမျိုးများ၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များနှင့် ယဉ်ကျေးမှု ဓလေ့ထုံးစံများကို ဖော်ထုတ်ထိန်းသိမ်း ပြသနိုင်‌ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် ၂၀၁၉-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စုအမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေဖြင့် တည်ဆောက်ပြီးစီးသည့် ရဝမ်ယဉ်ကျေးမှုပြတိုက် ဖွင့်ပွဲကို မေ ၁၆ ရက်က ပူတာအိုမြို့၊ ဒုတ္ထန်ရပ်ကွက်၊ ရဝမ်အမျိုးသားဥယျာဉ်၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များက ရိုးရာအက၊ တေးသီချင်းများဖြင့် ကပြ ဖျော်ဖြေကြပြီး ရဝမ်ယဉ်ကျေးမှုပြတိုက်မုခ်ဦးကို ပြည်နယ် သယံဇာတရေးရာ ဝန်ကြီး ဦးတိန့်ဆောင်၊ ပြည်နယ် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးကျော်မင်းခိုင်၊ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဇော်ထွဋ်ဟန်၊ မြန်မာနိုင်ငံ ရဝမ်စာပေနှင့် ယဉ်ကျေးမှုအသင်း နာယက ဦးရယ်ဒမ်းတန်နှင့် ဥက္ကဋ္ဌ ဦးထုံဖူးဒဂုဏ်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး မုခ်ဦးရှေ့၌ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့်အတူ အမှတ်တရ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချူပ် ဦးခက်ထိန်နန်က ပြတိုက်၏ ကမ္ပည်းမော်ကွန်းကျောက်စာတိုင်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ကာ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြတိုက်ကို မင်္ဂလာမောင်း ကိုးချက်တီး၍ ဖွင့်လှစ်ပေးသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊  တာဝန်ရှိသူများနှင့်အတူ ပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ရှေးရဝမ်တိုင်းရင်းသားတို့၏ လူနေမှု အဆက်ဆက် အသုံးပြုခဲ့သည့် ကျောက်၊ သစ်သား၊ ဝါးတို့ဖြင့် ပြုလုပ်ထားသည့် အိမ်သုံးပစ္စည်းများ၊ ဂီတနှင့် တူရိယာပစ္စည်းများ၊ ဝတ်စားဆင်ယင်ထုံးဖွဲ့မှုများ၊ အမဲလိုက်ရာတွင် အသုံးပြုသည့် လက်နက်ပစ္စည်းများ၊ ရိုးရာဂျပ်ခုတ် ရက်ကန်းစင်၊ ရေခဲတောင်မှ ထွက်သည့် အဖိုးတန်ဆေးဝါးဖြစ်ပစ္စည်းများကို လှည့်လည် ကြည့်ရှု အားပေးကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ရဝမ်စာပေနှင့် ယဉ်ကျေးမှုအသင်းမှ တာဝန်ရှိသူများ၊ ဒေသခံ တိုင်းရင်းသားများနှင့်အတူ မနောတိုင် ဝင်းအတွင်း ပြတိုက်ဖွင့်ပွဲ အထိမ်းအမှတ် ရဝမ်တိုင်းရင်းသားတို့၏ ရိုးရာအဇီးလမ်အကအား ဒေသခံ တိုင်းရင်းသားများနှင့်အတူ တပျော်တပါး အတူတကွ စုပေါင်း ဆင်နွှဲကြသည်။

ထို့နောက် ဖုန်ကန်ရာဇီခန်းမ၌ ပြတိုက်ဖွင့်ပွဲအခမ်းအနားနှင့် လူထုတွေ့ဆုံပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံ ရဝမ်စာပေနှင့် ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌက ရိုးရာပလိုင်းဖြင့် ဂါဝရပြု လက်ဆောင်ပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှာစကား ကြားသည်။

ထို့နောက် ‌ပြည်နယ်ဝန်ကြီးချုပ်က ရဝမ်ယဉ်ကျေးမှုပြတိုက်အဆောက်အအုံအား မြန်မာနိုင်ငံ ရဝမ်စာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌထံ လွှဲပြောင်းပေးအပ်ပြီး ဒေသခံ တိုင်းရင်းသားမျိုးနွယ်စု ခေါင်းဆောင်များက ဒေသဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်များနှင့် ပတ်သက်၍ တင်ပြဆွေးနွေးကြရာ သက်ဆိုင်ရာ ဌာနအလိုက် ပြန်လည်ရှင်းလင်းဖြေကြားကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဒေသခံ တိုင်းရင်းသားခေါင်းဆောင်များ၊ လူငယ်မောင်မယ်များနှင့်အတူ ရဝမ်ရိုးရာ မနောတိုင်ကွင်းအတွင်း ပြတိုက်ဖွင့်ပွဲအခမ်းအနား ပိတ်သိမ်းသည့်အနေဖြင့် ရိုးရာအဇီးလမ်အကကို စုပေါင်းဆင်နွှဲကြသည်။

ရဝမ်ယဉ်ကျေးမှုပြတိုက် မူလအဆောက်အအုံသည် ဟောင်းနွမ်းပျက်စီးနေသည့်အတွက် ပြတိုက်အတွင်းရှိ ယဉ်ကျေးမှုအမွေအနှစ်များ ထိခိုက်ပျက်စီးသွားနိုင်သောကြောင့် ပေ ၁၀၀၊ ပေ ၅၀ ရှိ Steel Structure အဆောက်အအုံသစ် ဆောက်လုပ်နိုင်ရေး နိုင်ငံတော်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ရန်ပုံငွေကျပ် ၃၉၇ ဒသမ ၂၄၇ သန်း ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး ရဝမ်ယဉ်ကျေးမှုပြတိုက်သစ်အတွင်း ရိုးရာပစ္စည်းစုံလင် ခမ်းနားစွာ ခင်းကျင်းပြသနိုင်ရေး ကချင်ပြည်နယ်အစိုးရအဖွဲ့က မတည်ရန်ပုံငွေကျပ် သန်း ၃၀ ထပ်မံခွင့်ပြုပေးခဲ့ကြောင်း သိရှိရသည်။

ပြည်နယ်(ပြန်/ဆက်)