တောင်ကိုရီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၅၁၁၇ ဦး ထပ်မံတွေ့ရှိ

မေ ၁၇

 

တောင်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၅၁၁၇ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ဖြစ်ပွားသူပေါင်း ၁၇၈၃၀၄၂၉ ဦးရှိလာကြောင်း ကျန်းမာရေးအာဏာပိုင်များက ယနေ့တွင်ပြောကြားသည်။

 

ပြီးခဲ့သည့်ရက်က ကိုဗစ်ကူးစက်ခံရသူ ၁၃၂၉၆ ဦးရှိရာမှ ရောဂါကူးစက်မှုမြင့်တက်လာခြင်းဖြစ်သည်။ သို့ရာတွင် လွန်ခဲ့သော သီတင်းပတ်က ကူးစက်ဖြစ်ပွားသူ ၄၉၉၂၃ ဦးထက်မူ ကူးစက်သူဦးရေ နည်းပါးခဲ့သည်ဟု ကိုရီးယားရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးအေဂျင်စီ၏ ပြောကြားချက်အရ သိရသည်။

 

ထိုရောဂါထပ်မံကူးစက်မှုများအနက် ၂၆ ဦးသည် ပြည်ပကူးစက်မှု ဖြစ်သည်ဟု ဖော်ပြထားသည်။

 

အဆိုပါရောဂါကူးစက်ဖြစ်ပွားမှုကြောင့် ၂၇ ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၂၃၇၇၁ ဦး ရှိလာသည်။

 

နိုင်ငံ့လူဦးရေ၏ ၈၆ ဒသမ ၈ ရာခိုင်နှုန်းအား ကိုဗစ်ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပေးခဲ့ကြောင်းနှင့် နိုင်ငံ့လူဦးရေ၏ ၆၄ ဒသမ ၈ ရာခိုင်နှုန်းအား ကိုဗစ်ကာကွယ်ဆေးအပိုဆောင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို