ထူးချွန်ထက်မြက်သည့် ဝန်ထမ်းကောင်းများဖြစ်လာစေရေး အထူးကြိုးပမ်းဆောင်ရွက်သွားရန် ရန်ကုန်မြို့တော်ဝန် တိုက်တွန်းမှာကြား

ရန်ကုန် မေ ၁၇

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် မင်္ဂလာတောင်ညွန့်မြို့နယ် စက်ရုံလမ်းရှိ ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ ဝန်ထမ်းသင်တန်းကျောင်းသို့ ရောက်ရှိပြီး  စာရေး ဝန်ထမ်းသင်တန်း အမှတ်စဉ် (၄၂) သင်တန်းဖွင့်ပွဲ အခမ်းအနား တက်ရောက်သည်။ 

အခမ်းအနားတွင် ရန်ကုန်မြို့တော်ဝန်က ဝန်ထမ်းများ အရည်အချင်း၊ အရည်အသွေး ဖွံ့ဖြိုးတိုးတက်စေရန်၊ လုပ်ငန်းများ စွမ်းဆောင်ရည် မြင့်မားလာစေရန်နှင့် ထူးချွန်သည့် ဝန်ထမ်းများ ပေါ်ပေါက်လာစေရန်ရည်ရွယ်ပြီး ယခုကဲ့သို့ သင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးနေခြင်းဖြစ်ကြောင်း၊ စီမံခန့်ခွဲရေးသင်တန်း၊ စာရင်းကိုင်သင်တန်း၊ လုပ်ငန်းကျွမ်း ကျင်မှုသင်တန်း၊ အင်ဂျင်နီယာမွမ်းမံသင်တန်းနှင့် စာရေးသင်တန်းတို့ကို ဖွင့်လှစ်သင်ကြား ပို့ချပေးခဲ့ပြီးဖြစ်ကြောင်း၊ သင်တန်းသား/သင်တန်းသူများအနေဖြင့် သင်တန်းမှပို့ချသည့် ဘာသာရပ်များကို ကြိုးစားသင်ယူသွားကြရန်နှင့် ကော်မတီအတွက် အရည်အသွေးမြင့်မား ပြီး ထူးချွန်ထက်မြက်သည့် ဝန်ထမ်းကောင်းများဖြစ်လာစေရန် အထူးကြိုးပမ်း ဆောင်ရွက် သွားကြရန် လိုကြောင်းမှာကြားသည်။

အဆိုပါသင်တန်းကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဌာနအသီးသီးမှ သင်တန်း သား/သင်တန်းသူ(၅၀)တက်ရောက်ကြပြီး သင်တန်းကာလ (၁)လ ကြာမြင့် မည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် မြို့တော်ဝန်သည် မြို့တော်ခန်းမ၌ ကျင်းပသည့် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ ကော်မတီဝင်နှင့် ဌာနမှူးများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၁၀/၂၀၂၂)သို့ တက်ရောက်ပြီး လာမည့် ဇွန်လပထမပတ်တွင် အခြေခံပညာကျောင်းများ ဖွင့်လှစ်တော့မည်ဖြစ်၍ ပညာသင်ကြားကြမည့် ကျောင်းသား/ကျောင်းသူများ၏ လုံခြုံရေး၊ ကျန်းမာရေးနှင့် အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ဆောင်ရွက်သွားရန်၊ ထိုသို့ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ မြို့နယ်/ရပ်ကွက်နေပြည်သူများ ပူးပေါင်းပါဝင်စေရေး စည်းရုံးကြရန်၊ ရန်ကုန်မြို့ရှိ လမ်းမကြီးများ သန့်ရှင်းသာယာရေး စဉ်ဆက်မပြတ် ဆောင်ရွက်ကြရန်နှင့်  စက်သုံးဆီ သုံးစွဲမှုများအား စိစစ်ရန် မှာကြားသည်။

သတင်းစဉ်