ဆီးဂိမ်းအမျိုးသမီးဖူဆယ်ပြိုင်ပွဲ မြန်မာအသင်း ထိုင်းကို အရေးနိမ့်

ရန်ကုန်   မေ   ၁၈

(၃၁) ကြိမ်မြောက် ဆီးဂိမ်းအမျိုးသမီးဖူဆယ်ပြိုင်ပွဲ အုပ်စုဒုတိယနေ့ကို မေ ၁၇ ရက်က ဗီယက်နမ် နိုင်ငံ၌ ဆက်လက်ကျင်းပရာ မြန်မာအသင်း ရှုံးပွဲ ထပ်မံကြုံတွေ့ခဲ့သည်။

မြန်မာအသင်းသည် ထိုင်းအသင်းနှင့် ယှဉ်ပြိုင်ကစားရာ လေးဂိုး-ဂိုးမရှိဖြင့် အရေးနိမ့်ခဲ့သည်။ မြန်မာအသင်းသည် ယခုပွဲ အရေးနိမ့်ခဲ့သဖြင့် ကြေးတံဆိပ် ရယူနိုင်ရန်သာ ကြိုးပမ်းရတော့မည်ဖြစ်ပြီး မလေးရှားကို အနိုင်ကစားရတော့မည်ဖြစ်သည်။

မြန်မာအသင်းသည် ရလဒ်ကောင်းရယူနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း ရှုံးပွဲထပ်မံကြုံတွေ့ခဲ့ခြင်း ဖြစ်သည်။ ထိုင်းအသင်းသည် ပထမပိုင်းတွင် သုံးဂိုးဖြင့် အနိုင်ရနေပြီး ဒုတိယပိုင်းတွင် တစ်ဂိုး ထပ်သွင်း ကာ လေးဂိုးပြတ် အနိုင်ရခဲ့ခြင်းဖြစ်သည်။

အုပ်စုဒုတိယနေ့ အခြားပွဲတွင် ဗီယက်နမ်အသင်းက မလေးရှားအသင်းကို လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရ ခဲ့သည်။ ယခုပွဲအပြီးတွင် ဗီယက်နမ်နှင့် ထိုင်းအသင်းက နှစ်ပွဲနိုင် ခြောက်မှတ်ဖြင့် ထိပ်ဆုံးတွင် အပြိုင်ဖြစ်နေပြီး မြန်မာနှင့် မလေးရှားအသင်းတို့မှာ နှစ်ပွဲစလုံးရှုံးကာ အမှတ်မရသေးပေ။

အုပ်စုနောက်ဆုံးနေ့ကို မေ ၁၉ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာနှင့် မလေးရှား၊ ထိုင်းနှင့် ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာအသင်းသည် မလေးရှားကို အနိုင်ရပါက ကြေးတံဆိပ်ရရှိမည်ဖြစ်သည်။

ရဲရင့်လွင်၊ ဓာတ်ပုံ- MFF