နမ့်ခမ်းမြို့၌ အထက်တန်း၊ အလယ်တန်း၊ မူလတန်းနှင့် ကိုယ်ပိုင်ကျောင်းများရှိ ကျောင်းအုပ်ကြီးများ စွမ်းဆောင်ရည်မြှင့်သင်တန်း ဖွင့်လှစ်

နမ့်ခမ်း  မေ ၁၉

      

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း ကျောင်းသား ကျောင်းသူများကို ပညာသင်ကြားပေးမည့် မြို့နယ်အတွင်းရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းနှင့် ကိုယ်ပိုင်ကျောင်းများရှိ ကျောင်းအုပ်ကြီးများ စွမ်းဆောင်ရည်မြှင့်သင်တန်းကို ယနေ့နံနက်(၁၀)နာရီက နမ့်ခမ်းမြို့၊  အမှတ်(၁)၊ အခြေခံပညာ အထက်တန်းကျောင်း သီရိရွှေရည်ခန်းမ၌  ကျင်းပခဲ့ကြောင်း သိရသည်။

      

သင်တန်းကို နမ့်ခမ်းမြို့၊ မြို့နယ်ပညာရေးမှူး ဦးကျော်နိုင်သွင်က ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကို လာမည့် ဇွန်လတွင် စာသင်ကျောင်းများအားလုံး စတင်ဖွင့်လှစ်သွားမည်ဖြစ်သည့်တွက်  မြို့နယ်အတွင်းရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းနှင့် ကိုယ်ပိုင်ကျောင်းများရှိ ကျောင်းအုပ် ဆရာ ဆရာမများအနေဖြင့် ကျောင်းသား ကျောင်းသူများအား ပညာသင်ကြားပေးရာတွင် ပိုမိုထိရောက်စွာ သင်ကြားနိုင်ရေး၊ သင်ကြားမှု အရည်အသွေး ကောင်းမွန် စေရေး၊ မိမိကျောင်းရှိ ဆရာ ဆရာမများကို စနစ်တကျ စည်းကမ်းပြည့်ဝသည့် စီမံခန့်ခွဲမှုကဏ္ဍများ ဆောင်ရွက်နိုင်ရေး၊ ပညာသင်နှစ်အတွင်း အောင်မြင်မှု ရာခိုင်နှုန်းပြည့် အောင်မြင်နိုင်ရေးနှင့် ကျောင်းသား/ကျောင်းသူများလည်း စည်းကမ်း ပြည့်ဝ၍ ပညာသင်ကြားနိုင်ရေးအတွက် ယခုလို စွမ်းရည်မြှင့်သင်တန်း ဖွင့်လှစ်သင်ကြား ပို့ချပေးရခြင်းဖြစ်ကြောင်း၊ သင်တန်းတွင် (၁၉-၅-၂၀၂၂)ရက်နေ့မှ (၂၀-၅-၂၀၂၂)ရက်နေ့အထိ (၂)ရက် ကြာသင်တန်း သင်ကြားပို့ချသွားမည်ဖြစ်သည့်အတွက် သင်တန်း၌ သင်ကြားပို့ချသည့် သင်ခန်းစာ များကို ဆရာ ဆရာမများအားလုံး သေသေချာချာ လိုက်နာသင်ကြားသွားရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြားသည်။

 

သင်တန်းဖွင့်ပွဲသို့ နမ့်ခမ်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်၊ ရဲမှူး အောင်ဇင်ဦး၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မြို့နယ်အတွင်းရှိ ကျောင်းအုပ် ဆရာ/ဆရာမများက တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ဆိုင်ထွန်း(နမ့်ခမ်း)