ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လမ်း၊ တံတား တည်ဆောက်ရေးလုပ်ငန်းများနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန် ၂၀

 

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးမျိုးအောင်နှင့်အတူ ဇွန် ၁၉ ရက်တွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်စည်စီးဆင်းမှု သွက်လက်မြန်ဆန်စေရေး၊ B.O.T စနစ်ဖြင့် ဆောင်ရွက်သော လမ်း၊ တံတားတိုးတက်မှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် Oriental Highway ကုမ္ပဏီမှ မန္တလေး-ပြင်ဦးလွင် (အတက်/အဆင်း) လမ်းအပိုင်းကို ကတ္တရာကွန်ကရစ် (AC) ပြီးစီး၍ ထိန်းသိမ်းနေမှုကို လည်းကောင်း၊ ပြင်ဦးလွင်မြို့တွင်း ယာဉ်အန္တရာယ်ကင်းရှင်းစေရန်နှင့် လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့စေရန် မြို့ရှောင်လမ်း တိုးချဲ့ရန်အခြေအနေတို့ကိုလည်းကောင်း လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များ မှာကြားခဲ့သည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်သော မန္တလေး-ပြင်ဦးလွင်လမ်းမကြီးနှင့် ချိတ်ဆက်သည့် ဇီးပင်ကြီးမီးသတ်သင်တန်းကျောင်း အဝင်လမ်း အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက ယခုလမ်းကို အသုံးပြုနေသည့် ကျေးရွာနေပြည်သူများ သွားလာရေး လွယ်ကူအဆင်ပြေစေရန် လမ်းအဆင့်မြှင့်တင်ခြင်းနှင့် လမ်းတိုးချဲ့ခြင်းကို ဆောင်ရွက်ပေးခြင်း ဖြစ်ပါကြောင်း၊ လမ်းတိုးချဲ့ခြင်းနှင့်အတူ Box Culvert  များကိုလည်း တပြိုင်တည်းချဲ့ပေးရန် လိုပါကြောင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သက်ဆိုင်ရာဝန်ကြီးဌာနတို့နှင့် လိုအပ်သည်များ တင်ပြဆောင်ရွက်ရန် မှာကြားသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အုန်းချော - ရွှေစာရံ - ဘယ်လင်းလမ်းကို အရှည် (၆၆၀)ပေ ဒုဋ္ဌဝတီတံတား(ရွှေစာရံ) သို့ ရောက်ရှိပြီး တံတားများ ရေရှည်တည်တံ့ခိုင်မြဲစေရန် ကြံ့ခိုင်မှုနှင့် သန့်ရှင်းသပ်ရပ်လှပစေရေး အမြဲမပြတ်စစ်ဆေးပေးရန် မှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သော်တာဝင်းကုမ္ပဏီ မှ  B.O.T စနစ်ဖြင့်  ဆောင်ရွက်နေသော အရှည် (၂၁) မိုင် (၅) ဖာလုံရှိ အုန်းချော - ရွှေစာရံ - ဘယ်လင်းလမ်းကို စက်ယန္တရားများဖြင့် အောက်ခံ အမာခံလမ်းအဆင့်ရရှိအောင် ညှိကြိတ်ခြင်း၊ မိုင်တိုင်အမျတ် (၀/၀)မှ (၀/၃)အထိ (၂၄) ပေ အကျယ် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို လည်းကောင်း၊ ကျောက်ဆည်မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှုနှင့် ယာဉ်အန္တရာယ် ကင်းရှင်းစေရန် ကျောက်ဆည်မြို့ရှောင်လမ်း ဆောင်ရွက်ပြီးစီးမှုနှင့် အဆိုပါလမ်းပေါ်ရှိ အရှည် ပေ (၂၁၀)၊ ယာဉ်သွားလမ်းအကျယ် ပေ (၈၀) ဇော်ဂျီတံတားအမှတ်(၂) တည်ဆောက်ပြီးစီးမှုကို လည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်  သော်တာဝင်းကုမ္ပဏီ မှ  B.O.T စနစ်ဖြင့် ဆောင်ရွက်သော ရန်ကုန် - ပဲခူး - တောင်ငူ - မန္တလေးပြည်ထောင်စုလမ်းမကြီးကို  ပြုပြင်ထိန်းသိမ်းထားရှိမှုကို လည်းကောင်း၊ မိုင်တိုင်အမှတ် (၃၆၀/၃) ရှိ ယခင်တံတားဟောင်းနှင့် ကပ်လျက်နေရာတွင် အရှည် ပေ (၂၀၀)၊ ယာဉ်သွားလမ်းအကျယ် ပေ (၄၀) ရေဝန်းတံတားသစ် တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တံတားနှစ်စင်းယှဉ်လျက် တည်ဆောက်ခြင်းဖြစ်၍ ရေစီးလမ်းကြောင်း သေချာတွက်ချက်ပြီး ဆောင်ရွက်ရန်၊ ဘိုးပိုင်တူးရာတွင်လည်း သတ်မှတ်အနက်ရရှိရန်နှင့် အရည်အသွေး၊ စံချိန်စံညွှန်းပြည့်မီအောင် ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်