ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ရေကြီးရေလျှံမှုများကြောင့် လူ ၃၆ ဦးထက်မနည်းသေဆုံး

ဒါကာ ဇွန် ၂၂ 

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများဖြစ်ပွားကာ တောင်ကုန်းများမှ ချောင်းရေများတစ်ဟုန်ထိုး စီးကျမှုများကြောင့် သီတင်းပတ်တစ်ပတ်နီးပါးအတွင်း လူ ၃၆ ဦး ထက်မနည်းသေဆုံးခဲ့ကြောင်း သိရသည်။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ခရိုင်ပေါင်း ၆၄ ခရိုင်ရှိသည့်အနက် ခရိုင် ၂၇ ခုတွင် ရေကြီးရေလျှံမှုများကြောင့် ဇွန် ၁၇ ရက်မှ ဇွန် ၂၁ ရက်အထိ လူ ၃၆ ဦး ထက်မနည်းသေဆုံးခဲ့ကြောင်း ဇွန် ၂၁ ရက်က ထုတ်ပြန်သည့်တရားဝင် ကိန်းဂဏန်းများအရ သိရသည်။

 

သေဆုံးသူများအနက် အများစုမှာ ရေဘေးသင့်ဒေသများတွင် ရေနစ်သေဆုံးခြင်း၊ မြွေကိုက်ခံရခြင်းနှင့် မိုးကြိုးပစ်ခံရခြင်းတို့ကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ထို့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရေကြီးရေလျှံမှုများကြောင့် မိသားစုသောင်းနှင့်ချီ နေအိမ်စွန့်ခွာခဲ့ပြီး ယာယီခိုလှုံရေးစခန်းများတွင် နေထိုင်လျက်ရှိကြကြောင်း နိုင်ငံ၏အမျိုးသားသဘာဝဘေး တုံ့ပြန်ရေးစင်တာမှ အစီရင်ခံချက်အရ သိရသည်။

 

ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ