တောင်ကိုရီးယား၌ ပထမဆုံးမျောက်ကျောက်ရောဂါ လူနာတစ်ဦး တွေ့ရှိ

ဆိုးလ် ဇွန် ၂၂

 

တောင်ကိုရီးယားနိုင်ငံတွင် သံသယရှိသောလူနာနှစ်ဦးကို မျောက်ကျောက်ရောဂါ ပိုးရှိ၊ မရှိ ယနေ့စမ်းသပ်စစ်ဆေးခဲ့ရာ လူနှစ်ဦးအနက်တစ်ဦးတွင် မျောက်ကျောက်ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း တောင်ကိုရီးယား ကျန်းမာရေးအာဏာပိုင်များက အတည်ပြုပြောကြားသည်။

 

ဇွန် ၂၁ ရက် မွန်းလွဲပိုင်းက ဂျာမနီနိုင်ငံမှ ရောက်ရှိလာသော တောင်ကိုရီးယားနိုင်ငံသားတစ်ဦးသည် မျောက်ကျောက်ရောဂါ ကူးစက်ခံရကြောင်း ကိုရီးယားရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးအေဂျင်စီက အတည်ပြုပြော ကြားသည်။

 

အဆိုပါလူနာသည် ပြီးခဲ့သည့်သီတင်းပတ် စနေနေ့မှစ၍ ခေါင်းကိုက်လာပြီး ၎င်းတွင် အပျော့စားအဖျား၊ လည်ချောင်းယားနာခြင်း၊ ခန္ဓာကိုယ်အားကုန်ခန်းခြင်း၊ ပင်ပန်းနွမ်းလျခြင်းနှင့် အရေပြားအနာ အစရှိသည့် မျောက်ကျောက်ရောဂါ လက္ခဏာများကို ပြသခဲ့ခြင်းဖြစ်သည်။

 

တောင်ကိုရီးယားသို့ အဆိုပါလူနာနှစ်ဦး ရောက်ရှိလာချိန်တွင် တောင်ကိုရီးယားစေတနာ့ဝန်ထမ်းများက ကျန်းမာရေးအာဏာပိုင်များထံ သတင်းပို့ပြီး ဆေးဝါးကုသမှုခံယူရန် မြို့တော်ဆိုးလ်မြို့မှ အနောက်ဘက် အင်ချွန်းမြို့ရှိ အင်ချွန်းဆေးဘက်ဆိုင်ရာစင်တာသို့ ပို့ဆောင်ထားသည်။

 

ထို့အပြင် ကျန်းမာရေးအာဏာပိုင်များသည် ဇွန် ၂၁ ရက်က တောင်ကိုရီးယားနိုင်ငံသို့ ရောက်ရှိလာသည့် အခြားနိုင်ငံခြားသားသံသယလူနာတစ်ဦးတွင် မျောက်ကျောက်ရောဂါမဟုတ်ဘဲ ရေကျောက်ရောဂါကို တွေ့ရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါနိုင်ငံခြားသားသည် ဇွန် ၂၀ ရက်မှစ၍ ၎င်းတွင် လည်ချောင်းယားနာခြင်းနှင့် အရေပြားအနာများကဲ့သို့သော ရောဂါလက္ခဏာများ ပြသလာခဲ့ပြီးနောက် ဆေးဝါးကုသမှုခံယူရန် မြို့တော်ဆိုးလ်မှ အရှေ့တောင်ဘက် ကီလိုမီတာ ၄၅၀ ခန့်အကွာရှိ ဘူဆန်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

 

ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ