ရပ်ကွက်၊ ကျေးရွာတည်နေရာ Point များ ကောက်ယူခြင်းသင်တန်း အမှတ်စဉ်(၂) ဖွင့်ပွဲကျင်းပ

နေပြည်တော် ဇွန် ၂၃

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် Geographic Information System (GIS) နည်းပညာအသုံးပြု၍ မြေပုံရေးဆွဲပြုစုခြင်းနှင့် စာရင်းကောက်ကွက်များ ဖွဲ့စည်းခြင်းအတွက် ရပ်ကွက်၊ ကျေးရွာ တည်နေရာ Point များ ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်မည့် သင်တန်းအမှတ်စဉ်(၂) ဖွင့်ပွဲကို ဇွန် ၂၃ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ဗဟိုသန်းခေါင်စာရင်း ကော်မရှင် တွဲဖက်အတွင်းရေးမှူး ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်က “မြေပုံရေးဆွဲပြုစုခြင်းနှင့် စာရင်းကောက်ကွက်များ ဖွဲ့စည်းခြင်းသည် သန်းခေါင်စာရင်း လုပ်ငန်းစဉ်များတွင် အချိန်အကြာဆုံးနှင့် လူအင်အား၊ ငွေအင်အား အများဆုံး သုံးရသည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်ကြောင်း၊ ရပ်ကွက်၊ ကျေးရွာတည်နေရာ Point များ ကောက်ယူရာတွင် ရှိပြီးသည့် တည်နေရာ Point များကို အတည်ပြုရန်နှင့် မရှိသေးသည့် တည်နေရာ Point များအား ရယူရန်ဖြစ်ကြောင်း၊ ယခုသင်တန်း တက်ရောက်သည့် သင်တန်းသား အရာရှိများသည် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များတွင် ဆင့်ပွားသင်တန်းများ ပြန်လည်ပြုလုပ်ပေးရမည် ဖြစ်ကြောင်း၊  ထို့အပြင် ရပ်ကွက်၊ ကျေးရွာ တည်နေရာ Point များ ကောက်ယူရာတွင် မှန်ကန်အောင် ကြီးကြပ်ပေးရမည် ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းအတွက်  ရပ်ကွက်၊ ကျေးရွာ တည်နေရာ Point များ ကောက်ယူခြင်းလုပ်ငန်း အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း” အမှာစကားပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်၊  ဦးစီးဌာများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်