ကျေးရွာများတွင် လယ်ယာမြေဖော်ထုတ်လိုပါက သက်ဆိုင်ရာ ထွန်စက်စခန်းများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်

ပဲခူး ဇွန် ၂၃

စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် စက်မှုလယ်ယာကူးပြောင်းရေးသည် မဖြစ်မနေဆောင်ရွက်ရသည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ တောင်သူလယ်သမားများ လယ်ယာသုံးစက်ကိရိယာ ပိုမိုတွင်ကျယ်စွာ အသုံးပြုနိုင်စေရေးအတွက် လက်တွန်းထွန်စက်၊ ထွန်စက်ကြီးနှင့် ရိတ်သိမ်းခြွေလှေ့စက်များကို လက်ငင်းစနစ်၊ အရစ်ကျစနစ်များဖြင့် ရောင်းချပေးလျက်ရှိကြောင်း ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောကြားသည်။

ဇွန် ၂၂ ရက်နံနက်ပိုင်းက ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ စက်မှုလယ်ယာသင်တန်းကျောင်း၌ ကျင်းပသော လယ်ယာသုံးစက် ကိရိယာမောင်းနှင်ထိန်းသိမ်းမှု(အထူး) သင်တန်းသို့ ဖွင့်လှစ်ပွဲတွင် ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီး အစိုးရအဖွဲ့အစီအစဉ်ဖြင့် စနစ်ကျလယ်ယာမြေ ဖော်ထုတ်ခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးလျက်ရှိသည့်အတွက် ကျေးရွာများတွင် လယ်ယာမြေဖော်ထုတ်လိုပါက သက်ဆိုင်ရာထွန်စက်စခန်းများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ကြောင်း ပြောကြားပြီး သင်တန်းတွင် လက်တွေ့သင်ကြားပေးမည့် လယ်ယာသုံးစက်ကိရိယာများကို ကြည့်ရှုစစ်ဆေးသည်။


အဆိုပါ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အထူး) သင်တန်းကို (၈)ပတ်ကြာ စာတွေ့လက်တွေ့ သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းသို့ ကရင်ပြည်နယ်မှ (၂)ဦး၊ ပဲခူးတိုင်းဒေသကြီးမှ (၁၂)ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ (၂)ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ (၃၈)ဦး စုစုပေါင်း တောင်သူ (၅၄)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရှိရသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပဲခူးမြို့ရှိ (၆)ထပ်ဆေးရုံဝန်းအတွင်း မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်၍ ကံ့ကော်ပင်၊ ငုရွှေဝါနှင့် ပိတောက် စသည့် အရိပ်ရပင်များကို ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်အတူ စိုက်ပျိုးပေးပြီး (၆)ထပ်ဆေးရုံ (၉၀)ရာခိုင်နှုန်း တည်ဆောက်ပြီးစီးနေမှုကို  ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ အားလိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်