ရာသီဥတုပြောင်းလဲမှုနှင့် နည်းပညာရပ်ဆိုင်ရာ ဆန်းသစ်တီထွင်မှုဆိုင်ရာ တတိယအကြိမ် သုတေသနစာတမ်းဖတ်ပွဲကျင်းပ

နေပြည်တော် ဇွန်  ၂၃

စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ရာသီဥတုပြောင်းလဲမှု နှင့် နည်းပညာရပ် ဆိုင်ရာ ဆန်းသစ်တီထွင်မှုဆိုင်ရာ တတိယအကြိမ် သုတေသန စာတမ်းဖတ်ပွဲကို ယနေ့ နံနက်ပိုင်း တွင်  နေပြည်တော်ရေဆင်းရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန နဝရတ်ခန်းမ၌ ကျင်းပသည်။

စာတမ်းဖတ်ပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင်ထွဋ်ဦး က သမားရိုးကျ စိုက်ပျိုးထုတ်လုပ်မှု မှ သုတေသနရလဒ်များကို အခြေခံသည့်ခေတ်မီဆန်းသစ်သောနည်းပညာများအသုံးပြု စိုက်ပျိုးထုတ်လုပ်ရန် လိုအပ်လျက် ရှိကြောင်း၊ ရာသီဥတုနှင့် လိုက်လျောညီထွေစွာပြောင်းလဲလုပ်ကိုင်နိုင်မည့် နည်းပညာများ လိုအပ်နေသကဲ့သို့ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ မှ ထွက်ရှိလာသည့် ဘေးထွက်ပစ္စည်း များနှင့် စွန့်ပစ်ပစ္စည်းများကို အကျိုးရှိစွာ ပြန်လည်အသုံးချနိုင်မည့် နည်းပညာများလည်း ဖော်ထုတ်ပေးရန်လိုကြောင်း။

သုတေသနပညာရှင်များအနေဖြင့် လေ့လာဆောင်ရွက်နေသော လယ်ယာကဏ္ဍ ဆိုင်ရာ သုတေသနလုပ်ငန်းများနှင့်အတူ ခေတ်မီဒီဂျစ်တယ်နည်းပညာများ၊ အီလက်ထရောနစ် ဆက်သွယ်ရေးနည်းပညာရပ်များကိုလည်း မျက်ခြည် မပြတ်လေ့လာဆည်းပူးပြီး လယ်ယာကဏ္ဍ အဆင့်-၄ (Agriculture 4.0) သို့ ရောက်ရှိစေရေးအတွက်  လက်ရှိစွမ်းအားဖြင့် လုပ်ဆောင် နိုင်သည့် ပမာဏမှ စတင်အကောင်အထည်ဖော်ဆောင်ရွက်သွားရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ထို့နောက် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နိုင်ကြည်ဝင်း က တတိယအကြိမ် သုတေသန စာတမ်းဖတ်ပွဲ ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး တို့က  ခန်းမအတွင်းခင်းကျင်းပြသထားသည့် သုတေသနဖော်ထုတ်ချက် ပိုစတာများနှင့် စာအုပ် စာစောင်များကို ကြည့်ရှုလေ့လာသည်။ 

ယခုကျင်းပသည့် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ရာသီဥတုပြောင်းလဲမှု နှင့် နည်းပညာရပ်ဆိုင်ရာ ဆန်းသစ်တီထွင်မှုဆိုင်ရာ သုတေသန စာတမ်းဖတ်ပွဲ ကို ဇွန်လ ၂၃ရက် မှ ၂၄ ရက်အထိ (၂)ရက်ကြာ ဖတ်ကြားတင်ပြကြမည်ဖြစ်ပြီး စိုက်ပျိုးရေးသု တေသနဦးစီးဌာန ၊ စိုက်ပျိုးရေးဦးစီးဌာန၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ ပင်လုံတက္ကသိုလ် တို့မှ စာတမ်းရှင်များက စာတမ်း အစောင်ရေ (၈၃)စောင် နှင့် ပိုစတာ (၁၃)စောင် ကို ဖတ်ကြားတင်ပြကြမည်ဖြစ်ကာ စာတမ်းဖတ်ပွဲသို့ တက်ရောက်လျက်ရှိကြသည့် သုတေသန နယ်ပယ်အသီးသီး မှ ပညာရှင်များ၊ လေ့လာသူများ က ရှု့ထောင့် ပေါင်းစုံ မှ သုံးသပ်မှုများ၊ မေးမြန်းအဖြေရှာမှုများဖြင့် အပြန်အလှန် ဆွေးနွေးခြင်းများ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။ 

(သတင်းစဉ်)