နိုင်ငံတကာရာဇဝတ်မှုတရားစီရင်ရေးဆိုင်ရာအထူးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ ဇွန် ၂၃
    
နိုင်ငံတကာရာဇဝတ်မှုတရားစီရင်ရေးဆိုင်ရာအထူးအဖွဲ့ (Special Unit on International Criminal Justice) ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် ဥပဒေရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 

ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး နိုင်ငံတကာ ရာဇဝတ်မှုတရားစီရင်ရေးဆိုင်ရာအထူးအဖွဲ့ (Special Unit on International Criminal Justice)ကို ယခင်က ဥပဒေရေးရာဝန်ကြီးဌာန၊ စစ်ဥပဒေချုပ်ရုံး နှင့်နိုင်ငံခြားရေးဝန်ကြီး ဌာနတို့မှ ကိုယ်စား လှယ်များပါဝင်သောအဖွဲ့ဝင် ၇ ဦး ဖြင့်ဖွဲ့စည်းခဲ့ပြီး ၂၀၁၉ခု နှစ် ဒီဇင်ဘာ ၁၉  ရက်တွင် နိုင်ငံခြား ရေးဝန်ကြီးဌာနမှအဖွဲ့ဝင်တစ်ဦးကို ပြောင်းလဲပြီးပြင်ဆင် ဖွဲ့စည်းခဲ့ကြောင်း၊ ထို့နောက် “နိုင်ငံတကာ ရာဇဝတ်မှုတရားစီရင်ရေးဆိုင်ရာ အထူးအဖွဲ့(Special Unit on International Criminal Justice)” ကို ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း၊ ပြင်ဆင်ဖွဲ့စည်းခဲ့သည့်အဖွဲ့တွင် ဥပဒေရေးရာ ဝန်ကြီးဌာနမှ ခေါင်းဆောင် အဖြစ်ပါဝင်လျက် စစ်ဥပဒေချုပ်ရုံး၊ နိုင်ငံခြားရေး ဝန်ကြီးဌာန နှင့် ပညာရေးဝန်ကြီး ဌာနတို့မှ ကိုယ်စားလှယ်များ ပါဝင်သောအဖွဲ့ဝင် စုစုပေါင်း ၁၅ ဦး ပါဝင်ကြောင်း၊  ဥပဒေရေးရာ ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးက ပြင်ဆင်ဖွဲ့စည်းခဲ့သည့် ဖွဲ့စည်းပုံနှင့် အညီ အထူးအဖွဲ့အားဖွဲ့စည်းရန် သက်ဆိုင်ရာဝန်ကြီးဌာနများသို့ ကိုယ်စားလှယ်များ၏ အမည်စာရင်း တောင်းခံခဲ့ရာ ကိုယ်စားလှယ်များ၏အမည်စာရင်းများကို လက်ခံရရှိခဲ့သဖြင့် အထူးအဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်း၊ ထိုအဖွဲ့ကို အပြည်ပြည်ဆိုင်ရာဇဝတ်မှု ဥပဒေဆိုင်ရာကိစ္စများ ဖြစ်သော အပြည် ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (International Criminal Court-ICC)၊ အပြည်ပြည်ဆိုင်ရာ တရားရုံး (International Court of Justice-ICJ)၊ Ad hoc Tribunal၊ လတ်တလော မြန်မာနိုင်ငံအပေါ် ဆောင်ရွက်လျက်ရှိသော အခြားဖြစ်နိုင်ခြေရှိသည့် ပြည်ပတရားရုံးများ၊  Independent Investigative Mechanism for Myanmar (IIMM)၊ FFM ၊ ICOE ၊ အပြည်ပြည် ဆိုင်ရာ ရာဇဝတ်မှုများဖြစ်သော Crime against Humanity၊ Genocide၊ War Crime နှင့် Crime of Aggression ၊  IHL အစရှိသည့်ကိစ္စများနှင့်သက်ဆိုင်သည့် အဓိပ္ပာယ်ဖွင့်ဆို ချက်များ၊ အမှုစီရင် ထုံးများ၊ သတင်းအချက်အလက်များ စုဆောင်းခြင်း၊ လေ့လာခြင်း၊ သုံးသပ်တင်ပြခြင်း တို့အပြင် အခြားတစ်ဖက်၏ စွပ်စွဲချက်များ၊အရေးယူနိုင်ရေး ကြိုးပမ်းပြင်ဆင် နေမှုများ နှင့်သက်ဆိုင်သည့် သတင်းအချက်အလက်များကို ဥပဒေပိုင်းဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း။

ဥပဒေရေးရာဝန်ကြီးဌာနအနေဖြင့် အထူးအဖွဲ့ကို အထောက်အကူဖြစ်စေရန်အတွက် ဥပဒေရေးရာဝန်ကြီးဌာန၊ ဥပဒေအကြံဉာဏ် ပေးရေးဦးစီးဌာန၊ အပြည်ပြည်ပြည်ဆိုင်ရာဥပဒေ နှင့် အာဆီယံရေးရာဌာနခွဲ၊ ဌာန - ၂ ၊ ဌာနခွဲ (၄) အောက်တွင် နိုင်ငံတကာရာဇဝတ်မှုခင်းများ ဆိုင်ရာ ဥပဒေဌာနစိတ် (International Criminal Law Branch-ICLB) ကို  ဖွဲ့စည်းထားရှိ ကြောင်း၊ နိုင်ငံတကာရာဇဝတ်မှုတရားစီရင်ရေးဆိုင်ရာ အထူးအဖွဲ့ (Special Unit on International Criminal justice ) ၏ ToR (Term of Reference) လုပ်ငန်းတာဝန်များ ကိုလည်း ရေးဆွဲခဲ့ ပြီးဖြစ်ကြောင်း၊ လုပ်ငန်းတာဝန်များအရ အဆိုပါအထူး အဖွဲ့အနေဖြင့် နိုင်ငံတကာ ရာဇဝတ် မှုဥပဒေ၊ တရားစီရင် ရေးတို့နှင့်ပတ်သက်ပြီး အစိုးရ၊ တပ်မတော်၊ ဥပဒေရေးရာ ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ပြည်ပရှိ မြန်မာနိုင်ငံသံရုံးများ အပါအဝင် အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်း များအပေါ် ဥပဒေ ရေးရာ သုံးသပ်မှုများ၊ အကြံပြုချက်များပေးရန်၊ နိုင်ငံတကာ ရာဇဝတ်မှုဥပဒေ၏ ဖြစ်ပေါ် တိုးတက်မှုများကိုလေ့လာ၍ ၎င်းတို့၏ မြန်မာနိုင်ငံအပေါ် သက်ရောက်မှုများကို အစိုးရမှ မျက်ခြေ မပြတ်စေရေး စောင့်ကြည့်လေ့လာသုံးသပ်ရန်၊ နိုင်ငံတကာဥပဒေအရ ဆောင်ရွက်ရန် လိုအပ် သည့်ကိစ္စရပ်များ၊ ၎င်းတို့နှင့် ဆက်စပ်သည့် မြန်မာနိုင်ငံ၏ စစ်ဘက်ဥပဒေ အပါအဝင် အမျိုးသား ဥပဒေများကို လေ့လာသုံးသပ် ပြီးလိုအပ်ပါက ရပ်တည်ချက် စာတမ်းများ၊ နိုင်ငံတကာ ဥပဒေဆိုင်ရာ အကြံပြုချက်များ၊ သုတေသနပြုချက်များကို ပြုစုဆောင်ရွက်လျက် အထက်အဆင့် အဖွဲ့အစည်း များသို့ တင်ပြရန်လိုအပ်မည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက ဆောင်ရွက်မည့်အကြောင်း အရာများနှင့် လေ့လာဆောင်ရွက်သင့်သည့် ကိစ္စရပ်များကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။ 

(သတင်းစဉ်)