အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးဝန်ထမ်းများ တွေ့ဆုံပွဲ၊  ထောက်ပံ့ငွေများ လှူဒါန်းပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ

နေပြည်တော်၊ ဇွန်  ၂၃
    
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ ကော်မရှင်နှင့် ဝန်ထမ်းများ တွေ့ဆုံပွဲ၊ ထောက်ပံ့ငွေများ လှူဒါန်းပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို  ယနေ့ နံနက် ၁၀ နာရီ တွင် စုပေါင်းခန်းမ၌ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ထုတ်ပြန်ထားသော စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ကျင်းပသည်။
    
ဦးစွာ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်ဦး က ကော်မရှင်ရုံးမှ ဝန်ထမ်း ၂ ဦး၏ မိဘနေအိမ်များ အကြမ်းဖက်များကြောင့် မီးလောင်ဆုံးရှုံးခဲ့သည့်အတွက် ထောက်ပံ့ လှူဒါန်းငွေ ပေးအပ်ခြင်း နှင့်  ၂၀၁၉-၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ဝန်ထမ်းမိသားစု သားသမီး များ ပညာရည်ချွန်ဆု ပေးအပ်ချီးမြှင့် သည့် အခမ်းအနားဖြစ်ကြောင်း၊၊
    
အကြမ်းဖက်များကြောင့် ကယားပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့ နယ်ရှိ ဝန်ထမ်း ၂ ဦး၏ မိဘနေအိမ်များ မီးလောင် ပျက်စီးဆုံးရှုံးမှုအပေါ် ကော်မရှင်အနေဖြင့် စုပေါင်းစာနာစိတ်၊ ကိုယ်ချင်းစာစိတ်၊ မျှဝေလိုစိတ်၊ မိသားစုစိတ်နှင့် ထောက်ပံ့ငွေပေး အပ်ခြင်းဖြစ်ကြောင်း၊ ကော်မရှင်ရုံးရှိ ဦးစီးဌာနများ၊ ဌာနခွဲများအနေဖြင့် ဌာနတာဝန်ခံများမှ စီမံအုပ်ချုပ်ရာ၌လည်း ကော်မရှင်၏ ခံယူချက်၊ လုပ်ဆောင်ချက်များကို စံနမူနာယူ၍ အထက်အောက်ဆက်ဆံရာတွင် စိတ်ကောင်းစေတနာကောင်း၊ အကျင့်ကောင်း ဖြင့် စီမံ အုပ်ချုပ်ရန် အရေးကြီးကြောင်း၊ မိမိအဆင့် နှင့် လျော်ညီသည့် တာဝန်ရှိမှု၊ တာဝန်ခံမှုနှင့် အညီ မလုပ်ခြင်းသည် အပြစ်ရှိကြောင်း၊ တာဝန် ထမ်းဆောင်ရာတွင်ဖြစ်စေ၊ စီမံအုပ်ချုပ် ရာတွင်ဖြစ်စေ မေတ္တာစေတနာထား၍ အကျိုးရှိ စွာဖြင့် တာဝန်ကို အလေးထားဆောင် ရွက်ရန်လိုကြောင်း ပြောကြားသည်။
    
ဆက်လက်၍ ကော်မရှင်ရုံးအဖွဲ့မှူး ဦးကျော်စိုးက ကော်မရှင်ရုံးအဖွဲ့နှင့် ဦးစီးဌာနများ အလိုက် ဝန်ထမ်းများ၏ တင်ပြချက်များ အပေါ်ဖြေရှင်း ဆောင်ရွက်ခဲ့မှုများနှင့် ဝန်ထမ်းရေးရာ ကိစ္စရပ်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် “မိဘနှင့်သားသမီး၊ ဆရာနှင့်တပည့် လစဉ်စောင့်ရှောက် ထောက်ပံ့ ကူညီမှု အစီအစဉ်” အရ ဇွန်လအတွက် ထောက်ပံ့ငွေ ကျပ်သိန်း ၂ဝ ကို ဝန်ထမ်းရေးရာ စည်းကမ်းထိန်းသိမ်းရေးနှင့် လုံခြုံရေးလုပ်ငန်းကော်မတီအဖွဲ့ဝင်၊ ကော်မရှင်အဖွဲ့ဝင် ဦးမောင်မောင်တင့်က ညွှန်ကြားရေးမှူးချုပ် ဦးလွင်အောင်ထံသို့ လည်းကောင်း၊ ကော်မရှင် အတွင်းရေးမှူးက အကြမ်းဖက်များကြောင့် မိဘနေအိမ် မီးလောင်ဆုံးရှုံးခဲ့သည့် ကော်မရှင်ရုံး ဝန်ထမ်း ၂ ဦး၏ မိသားစုများအတွက် တစ်အိမ်ထောင်လျှင် ကျပ်သိန်း ၂၂ နှုန်း ဖြင့် စုစုပေါင်း ထောက်ပံ့လှူဒါန်းငွေကျပ် ၄၄ သိန်းကို လည်းကောင်းပေးအပ်ခဲ့သည်။ 

ဆက်လက်၍ ကော်မရှင်ဥက္ကဋ္ဌက ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ၌ ရိုးရိုးအောင်မြင်ခဲ့သူ ၃ ဦး၊ ဂုဏ်ထူးများဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သူ ၃ ဦးနှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ၌ ရိုးရိုးအောင်မြင်ခဲ့သူ ၁၀ ဦး၊ ဂုဏ်ထူးများဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သူ ၅ ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၂၁ ဦး တို့ကို ဆုများပေးအပ်ချီးမြှင့်ခဲ့ရာ ရိုးရိုးအောင်မြင်သူ ၁ ဦးလျှင် ချီးမြှင့်ငွေကျပ် ၅ သောင်း နှင့် ဂုဏ်ထူးရသူများအတွက် တစ်ဘာသာလျှင် ကျပ် ၅ သောင်းဖြင့် စုစုပေါင်းငွေကျပ် ၂၁ သိန်း ချီးမြှင့်ပေးအပ်ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။ 

(သတင်းစဉ်)