နိုင်ငံ့စီးပွား ဖွံ့ဖြိုးရေးအတွက် ခရီးသွားလုပ်ငန်းနှင့် တည်ငြိမ်အေးချမ်းမှု

ဇွန် ၂၄၊ ၂၀၂၂

ပြီးခဲ့သည့် မေလမှစတင်၍ မြန်မာနိုင်ငံသို့ ခရီးသွားဗီဇာဖြင့် ပြည်ပခရီးသွားဧည့်သည်များ အရေအတွက် ဆယ်ဂဏန်းအနည်းငယ်မျှ ဝင်ရောက်လာခဲ့ရာ ယခုဇွန်လ တတိယပတ်အတွင်း ထိ ၆၀၀ ကျော် ဝင်ရောက်လာခဲ့ပြီဖြစ်သည်။ ကမ္ဘာတွင် ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုစတင်ချိန်တွင် ဦးစွာထိခိုက်ဆုံးရှုံးရသည့် စီးပွားရေးလုပ်ငန်းများထဲတွင် ခရီးသွားလုပ်ငန်းများကလည်း ထိပ်ဆုံး၌ ပါဝင်သည်။

ပုံမှန်အားဖြင့်ဆိုလျှင် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းသည် ဖွံ့ဖြိုးပြီးနိုင်ငံများတွင်ရော ဖွံ့ဖြိုးဆဲနိုင်ငံများတွင်ပါ ပြည်ပဝင်ငွေ အမြောက်အမြားရှာဖွေပေးနိုင်သည့် လုပ်ငန်းဖြစ်သည်။ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးအခြေခံသည့် စီးပွားရေးကို အဓိကထားနေရဆဲ နိုင်ငံတစ်နိုင်ငံဖြစ်‌သော်လည်း ဝန်ဆောင်မှုစီးပွားရေးကဏ္ဍတွင် အပါအဝင်ဖြစ်သည့် ခရီးသွားလုပ်ငန်းကို လုပ်ကိုင်နိုင်ရန် အရင်းအမြစ်များစွာ ပိုင်ဆိုင်ထားသောနိုင်ငံဖြစ်သည်။ တောင်ပေါ်၊ မြေပြန့်၊ ကမ်းရိုးတန်း၊ မြစ်ဝှမ်း စသည်ဖြင့် ကွဲပြားခြားနားသော သဘာဝရှုခင်းများ၊ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ၊ အရောင်အသွေးစုံလင်သည့် တိုင်းရင်းသားလူမျိုးများ၏ ရိုးရာဓလေ့များနှင့် လူနေမှုဘဝပုံစံများ စသည်တို့မှာ ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်နိုင်သည့်အရာများ ဖြစ်သည်။

မြန်မာနိုင်ငံတွင် ခရီးသွားလုပ်ငန်း အောင်မြင်နိုင်ရန်အတွက် ဟိုတယ်နှင့် တည်းခိုရန်နေရာများ၊ ပြည်တွင်းလမ်းပန်းဆက်သွယ်ရေးများ၊ နိုင်ငံတကာလေဆိပ်များကို အဆင့်မြှင့်တင်ရန်၊ ခရီးသွားများအတွက် လိုအပ်သည့် သတင်းအချက်အလက်များကို ဒစ်ဂျစ်တယ်ပလက်ဖောင်းမှတစ်ဆင့် ပြည့်ပြည့်စုံစုံနှင့် လွယ်ကူလျင်မြန်စွာရရှိနိုင်အောင် ဖန်တီးပေးထားရန်၊ ခရီးသွားဝန်ဆောင် မှုလုပ်ငန်းများကို အွန်လိုင်းမှတစ်ဆင့် လွယ်ကူစွာဆောင်ရွက်နိုင်ရန် အင်တာနက်နှင့် ဆက်သွယ်ရေးလုပ်ငန်းများကို အဆင့်မြှင့်တင်ရန်၊ ဒစ်ဂျစ်တယ်ငွေပေးချေမှုနှင့် ငွေကြေးသုံးစွဲမှုများအတွက် ဘဏ်လုပ်ငန်းစနစ်များ အဆင့်မြင့်ရန်၊ ခရီးသည်များကို ဆွဲဆောင်နိုင်ပြီး မိမိတို့နိုင်ငံနှင့်လည်း ကိုက်ညီနိုင်သည့် ခရီးသွားအစီအစဉ်အသစ်များ ဖန်တီးပေးရန်၊ နိုင်ငံ၏ယဉ်ကျေးမှုနှင့် ပြည်သူများ၏ အကျင့်စာရိတ္တတို့ကို မထိခိုက်စေသောပုံစံများဖြင့် ကမ္ဘာလှည့်ခရီးသည်များ ညဘက်အပန်းဖြေစရာ၊ သွားလာစားသောက်စရာနေရာများ ဖန်တီးပေးရန် စသည်တို့ကို ခရီးသွားလုပ်ငန်းကျွမ်းကျင်သူတို့က အကြံပြုထားကြသည်ကို တွေ့ရ သည်။

မိမိတို့နိုင်ငံကို ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံအဆင့်မှ ရုန်းထွက်နိုင်ရေး၊ နိုင်ငံ့စီးပွားတိုးတက်လာရေးတို့အတွက် ပထမစီးပွားရေးဖြစ်သော ကုန်ထုတ်လုပ်မှုကဏ္ဍမှ စိုက်ပျိုး‌ရေးပြီးလျှင် ဝန်ဆောင်မှုကဏ္ဍမှ ခရီးသွားလုပ်ငန်းမှာ ပြည်ပဝင်ငွေ အမြောက်အမြားရရှိနိုင်ရန် အခွင့်အလမ်းရှာဖွေကြရမည်ဖြစ်သည်။ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း အောင်မြင်မှုရရှိပါက ပြည်တွင်းမှ လုပ်ငန်းရှင်များ၊ စားသောက်ဆိုင်၊ ရိုးရာလက်မှုလုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ ဧည့်လမ်းညွှန်များ စသည့်ဆက်စပ်နေသည့် လုပ်ငန်းများတွင်ပါ အလုပ်အကိုင်အခွင့်အလမ်းများ ပွင့်လန်းလာမည်ဖြစ်ရာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအတွက် အရေးအကြီးဆုံးဖြစ်သည့် နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင် ပြည်သူလူထု၏ တက်ကြွစွာပါဝင်မှုဖြင့် တည်ဆောက်နိုင်ပါစေကြောင်း။ ။

မြန်မာ့အလင်း