ရေနံ့သာ ခင်ခင်ကြီး

မောင်သိန်းဆိုင်

ယမန်နေ့မှအဆက်    

      
 မျိုးထွန်းသိန်းသည်လည်း စကားမပြောဖြစ်ပြန်။ ထိုအခါ သူတို့အပါးမှာ တိတ်ဆိတ်ခြင်း လွှမ်းမိုး လာသည်။ သစ်ရွက်လေတိုးသံနှင့် လှိုင်းကြက်ခွပ်သံ တို့သည် ပေါ်ထွက်လာပြန်လေသည်။
“ကိုမျိုး” 
အတော်ချည်းကြာလျှင် နန်းကိန္နရီခေါ်သည်။ 
မျိုးထွန်းသိန်း သူဘက်သို့ လှမ်းကြည့်သည်။
ကားမီးရောင်ဖြင့် တစ်ယောက်မျက်နှာတစ်ယောက် မြင်ရသည်။ သူ၏မျက်ဝန်းတွင် မျက်ရည်ကြည် ရစ်ဝဲလျက်ရှိကြောင်း မျိုးထွန်းသိန်း အံ့အားသင့်စွာ တွေ့ရသည်။
နန်းကိန္နရီ၏လက်တစ်ဖက်သည် မျိုးထွန်းသိန်း ၏လက်ဖမိုးပေါ်သို့ ကျရောက်လာသည်။ တင်းတင်း ကျပ်ကျပ်ဆုပ်ကိုင်လိုက်သည်။
“ကိုမျိုးရဲ့စကားတွေကို   အရီ  ယုံချင်တယ်။ ကိုမျိုးကိုလည်း   ယုံချင်တယ်။  အီရ့မှာ ဝန်ခံစရာ တစ်ခုရှိတယ်။ ဘာလဲဆိုတော့ ကိုမျိုးကို အရီမြင် ကတည်းက ချစ်မိတာပါပဲ။ ဒါကို ဟန်ဆောင်ဖို့ တောင်သတိမရနိုင်ခဲ့ဘူး။ မေ့ခဲ့တယ်။ အရီရင်မော တယ်ဆိုတာ  တကယ်ပြောတာပါကိုမျိုး။  အရီ သိပ်အားငယ်မိတယ် ကိုမျိုးရယ်။ သိပ်ကို အားငယ် မိတယ်။ ကိုမျိုးကို  အားကိုးချင်တယ်။   အီရ့မှာ တွယ်တာစရာဆိုလို့ လောကမှာ ကိုမျိုးတစ်ယောက် ပဲရှိတယ်လို့ထင်တယ်။ ပင်းဘုရားပွဲတုန်းက လူတွေ အကြားကနေ ကိုမျိုး အီရ့ ကို ကယ်တင်ခဲ့ဖူးတယ်။ ဒီကတည်းက   ကိုမျိုးရဲ့လက်ဟာ   ပူနွေးတယ်။ သိမ်မွေ့တယ်။   ကြင်နာမှုပြည့်ဝတယ်ဆိုတာ  အရီ သိပါတယ်။ တကယ်လို့ အရီ တစ်စုံတစ်ခုဖြစ်ခဲ့ရင် ကိုမျိုးရဲ့   ကြင်နာတတ်တဲ့လက်ကလေးတွေနဲ့ ဖေးကူလှည့်ပါကိုမျိုးရယ်။ ကယ်တင်လှည့်ပါ၊ အီရ့ ကိုပစ်မထားပါနဲ့ ဥပေက္ခာလုပ်မထားပါနဲ့  အီရ့ကို သနားပါ။ ညှာပါ။ ကြင်နာပါနော် ကိုမျိုး”
မျိုးထွန်းသိန်းသည်  နန်းကိန္နရီ၏   လက်ကို ပြန်လည်ဆုပ်ကိုင်ထားမိသည်။  သူ၏လက်ဖဝါး ကလေးမှာ အေးစက်နေကြောင်း တွေ့ရသည်။
သူ၏မျက်နှာနှင့် နန်းကိန္နရီ၏မျက်နှာတို့ နီးကပ် နေသည်။ ထွက်သက်လေသည် သူ့ပါးပြင်ကို တိုးဝှေ့ သွားသည်။ ရှပ်တိုက်သွားသည်။ သူ၏မျက်နှာမှ မိတ်ကပ်နံ့နှင့်  နှုတ်ခမ်းနီနံ့ကို  ခံစားရှူရှိုက်နေရ သည်။
မျိုးထွန်းသိန်းသည် နန်းကိန္နရီ၏စကားများကို မယုံချင်လှ။ စင်စစ်တွင်လည်း သူနှင့်ဆက်ဆံလာခဲ့ သမျှကာလပတ်လုံး သည်စကားမျိုး မကြားရဖူးဖြစ် သည်။  ကြားရလိမ့်မည်ဟုလည်း  မည်သည့်အခါမျှ မျှော်လင့်ခဲ့သည်မဟုတ်။ သို့ပေမဲ့ နန်းကိန္နရီခံစားရ ချက်နှင့် ပြောနေခြင်းဖြစ်ကြောင်း လှိုက်လှဲသော အသံအရ သိသာသည်။ သူ့ထံမှ မောပန်းမှုသည် မိမိထံ ကူးစက်လာသည်ဟုလည်း ထင်မိသေးသည်။ သူ့နည်းတူ   လှိုက်မောလာသည်ဟု  တွေးမိသေး သည်။
သူသည် နန်းကိန္နရီအား ရင်ခွင်၌ ထွေးပိုက်ထား လိုက်ချင်သည်။ နားအနီးမှာကပ်လျက် လေသံမျှ သောအသံဖြင့် နှစ်သိမ့်စကားတွေ ဆိုချင်သေးသည်။ ဘဝဆိုတာ နက်ရှိုင်းမှောင်မိုက်လှသော ကန့်လန့် ကာ အလွှမ်းခံရသည့်ဘဝမျိုးလည်း ရှိတတ်သည်။ နံနက်ခင်း၏ ဝင်းမှည့်တောက်ပသော နေရောင်ခြည် ကျရောက်လာချိန်လည်း  ရှိတတ်သည်ဟူသော ကဗျာတို ကဗျာစကလေးများကိုလည်း ရွတ်ပြချင် သေးသည်။
ကြင်နာသောလက်ဖြင့် ထာဝရထွေးဖက်လိုသည့် အကြောင်းကိုလည်း ကြေညာချင်ပါသည်။
သို့တိုင်အောင် သူသည် အလိုလို စိုးရွံ့သလိုရှိနေ သည်။ လက်ဖမိုးကလေးကို ဆုပ်ကိုင်ထားမိသည့် အတွက် ပြစ်မှုတစ်စုံတစ်ခု ကျူးလွန်မိသလို ခံစားရ သည်။ ရင်မှာလည်း ခုန်ရလွန်းပါဘိ။
သည်တွင် သူ့ဦးနှောက်အတွင်း အတွေးတစ်ရပ် ဝင်လာသည်။ စင်စစ် အချစ်ဟူသည် ရင်ခုန်ရခြင်းပင် မဟုတ်ပါလား။ အခြားသော မိန်းကလေးများနှင့် ဆုံရစဉ်တွင် သူ၏ရင်သည် ကျောက်ခဲတစ်လုံးလို ငြိမ်သက်နေခဲ့သည်အမှန်ပင်။  နန်းကိန္နရီနှင့်ကျခါမှ ရင်ခုန်ရသည်။  သည်တော့လည်း  သူ့ကိုယ်သူ နန်းကိန္နရီအား  တကယ်တမ်း   နှစ်နှစ်ကာကာ            ချစ်မြတ်နိုးမိသည့်အဖြစ်ကို မျိုးထွန်းသိန်း ပိုမို စိတ်ချ ယုံကြည်လာခဲ့မိလေသည်။
“ဒီကနေ့  အရီ  ကိုမျိုးနဲ့တွေ့ချင်တာ  ဒါတွေ ပြောချင်လို့ပဲ။ ပြောခွင့်ရလို့လည်း ဝမ်းသာပါတယ်”
နန်းကိန္နရီ လက်ကို ပြန်လည်ရုပ်သိမ်းရင်း ဆို သည်။
တစ်ဆက်တည်းမှာပင်  “ ပြန်ကြပါစို့နော် ” ဟု မပွင့်တပွင့် ပြောလိုက်သည်။
“နေပါဦးလားဟင်၊ စောပါသေးတယ်” 
မျိုးထွန်းသိန်း တားမိသေးသည်။
“ပြန်မှဖြစ်မယ်ကိုမျိုး။ အိမ်ကို စာကူးဖို့ အကြောင်း ပြပြီး ထွက်ခဲ့ရတာ။ ဒီရက်တွေထဲမှာ ညာရပေါင်း များလှပြီ။ နောက်မှပဲ ဒီထက်ကြာကြာ တွေ့ကြရ အောင်ပါ” 
မျိုးထွန်းသိန်း မတားဆီးမိတော့။
အခါတိုင်းလိုပင် နန်းကိန္နရီသည် မျိုးထွန်းသိန်းကို ထားခဲ့ကာ ကားပေါ်သို့တက်သည်။ သည်တစ်ကြိမ် တွင်မူ အခါတိုင်းကထက် ထူးခြားသောစကားဆို သည်။
“အရီပြန်မယ်နော်” နှုတ်ဆက်စကားဆိုသည်။ တစ်ဆက်တည်းမှာပင် “တကယ်လို့များ ကိုမျိုးကို အခုလိုနှုတ်မဆက်နိုင်ဘဲ ထွက်သွားရတဲ့အဖြစ်မျိုး ပေါ်ပေါက်ခဲ့ရင်  အီရ့ကို ခွင့်လွှတ်ပါနော်”  ဟု တောင်းပန်သည်။
နန်းကိန္နရီသည် မျိုးထွန်းသိန်း စကားပြန်အပြော ကို မစောင့်။ ကားကိုမောင်းထွက်သွားသည်။
မျိုးထွန်းသိန်းသည် နန်းကိန္နရီကို နားမလည် နိုင်သလို ငေးကြည့်ရင်း ကျန်ခဲ့ရသည်။
သူ့ရင်မှာ အလိုလိုမောလာသည်ဟု ထင်မိပြန် သည်။
ဘယ်လိုများပါလိမ့်ကွယ်။ ပဟေဠိဆန်လှတဲ့ မိန်း ကလေးရယ်။
သူသည် ခပ်တိုးတိုး ညည်းညူခြင်းကိုလည်း ပြုလိုက်မိလေသည်။
x  x  x   x  x

အပိုင်း ရှစ်
[ ၁ ] 
ဒေါ်ရေနံ့သာခင်ခင်ကြီးအနေနှင့် နန်းကိန္နရီ အပေါ် အကဲမရသည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။ နန်းကိန္နရီကို လွတ်လွတ်လပ်လပ်နေခွင့်ပေးထားခြင်းနှင့်စပ်လျဉ်း၍  သင့်၏မသင့်၏ မကြာခဏ စဉ်းစားမိသည်။ 
စင်စစ်တွင် ဒေါ်ရေနံ့သာခင်ခင်ကြီးသည် သူ၏ ငယ်စဉ်က  အဖြစ်အပျက်များအပေါ်  မူတည်ကာ နန်းကိန္နရီအား လွတ်လပ်ခွင့် ပေးထားခြင်းဖြစ်သည်။ ချုပ်ချယ်ရန် ဝန်လေးနေမိခြင်းဖြစ်သည်။
သူငယ်စဉ်က   ပြင်ပလေနှင့်   အထိအတွေ့ရ နည်းသည်။ မိတ်ဆွေအပေါင်းအသင်း ရှားပါးလှ သည်။ အစဉ်လို ချုပ်ချယ်ခြင်း ခံရသည်။ ထို့ကြောင့် လည်း  ပြင်ပဗဟုသုတနည်းပါးကာ  မမှားသင့်သော အမှားကို မှားခဲ့သည်ဟု ထင်သည်။ တစ်ဖက်သား၏ ဖြားယောင်မှုကို ခံခဲ့ရသည် မှတ်ယူသည်။
အချုပ်ချယ်ခံရလွန်းသဖြင့်  လွတ်လပ်ခွင့်ရှာ သည်။ တစ်ကြိမ်လွတ်လပ်မှုရသည်နှင့်တစ်ပြိုင်နက် တစ်ကြိမ်ပင်   အတောင်ပံကျိုးရသောအဖြစ်နှင့် ကြုံရသည်။  ညံ့လိုက်သည့်မိန်းကလေး။  မည်သို့ ပြုလျှင် ကလေးရတတ်သည်ဆိုခြင်းကိုပင် မစဉ်း စားတတ်ခဲ့။ သည်အထိ အ၍လည်း ခံခဲ့ရသည်ဟု ယခုအခါ ဒေါ်ရေနံ့သာခင်ခင်ကြီး တွေးနေမိသည်။
နန်းကိန္နရီကို လွတ်လပ်ခွင့်ပေးလိုခြင်းမှာ ထိုမိန်း ကလေး၏ဘဝနှင့် စပ်လျဉ်း၍လည်း ဖြစ်သည်။ နန်းကိန္နရီသည် သူ့ဘဝကို သူဘာသာရပ်တည်ခဲ့ သည်မှာ   ကြာမြင့်လှပြီဖြစ်သည်။  သူ့ကိုယ်သူ   ထိန်းနိုင်မည့်အရိပ်အယောင်ကို     တွေ့ရသည်။ အသက်အရွယ်ကလည်း စဉ်းစားချင့်ချိန်နိုင်သော အရွယ်မျိုး။  အငြိမ့်လောကမှ  ထွက်လာသည် ဆိုတော့လည်း ဘဝအကြောင်းကို နက်ရှိုင်းစွာ သဘောပေါက်နိုင်လိမ့်မည်ထင်သည်။
ယခုအခါ မိမိ၏သဘောထားများကို စဉ်းစားသင့် လာပြီဟု  ဒေါ်ရေနံ့သာခင်ခင်ကြီး  ထင်သည်။ လွတ်လပ်ခွင့်ဟူသည် ပေးတိုင်းလည်း မမှန်တတ်။ ထိုလွတ်လပ်ခွင့်ကို အကြောင်းပြုကာ စိတ်လေခြင်း အရိပ်အယောင်များကို  နန်းကိန္နရီ၌  တွေ့လာရ သည်။
အပြင်သို့ သွားလာခဲသော ဒေါ်ရေနံ့သာခင်ခင်ကြီး သည် အိမ်၌ နန်းကိန္နရီ အနေနည်းသောအဖြစ်ကို တွေ့ရ သည်။ အချိန်နှင့်အမျှ နန်းကိန္နရီ အိမ်အပြင် သို့ရောက်နေသည်။ ကားကလေးတစ်စီးနှင့် ဥဒဟို ထွက်ခွာသွားတတ်သည်။ ရံခါတွင် အတော်ချည်း ညဉ့်နက်မှ အိမ်သို့ ပြန်လာတတ်သည်။ သူနှင့် ပတ်သက်သော တယ်လီဖုန်း မကြာခဏလာတတ် သည်ကိုလည်း တွေ့ရသည်။
ယခုတလော သူတို့နှစ်ယောက် မျက်နှာချင်းမဆိုင် မိသည်မှာ ကြာပါပကော။ တစ်ခါတစ်ရံ ထမင်းဝိုင်း တွင် ဒေါ်ရေနံ့သာခင်ခင်ကြီးအထီးတည်း ရှိနေရ တတ်သည်။  ပြီး   နန်းကိန္နရီကိုကြည့်ရသည်မှာ ယခုတလော အကဲမရနိုင်။ ထိုမိန်းကလေးသည် မိမိနှင့် တတ်နိုင်သမျှ မျက်နှာချင်းမဆိုင်မိအောင် ကြိုးစားလျက်ရှိကြောင်း တွေ့ရသည်။ ပြင်ပတွင် အချိန်ကုန်အောင်နေလျှင်နေ၊ မနေလျှင်  အိပ်ခန်း အောင်းနေတတ်သည်။ စကားပြောဖော်မရ။ သူ့၌ စိတ်ရှုပ်ထွေးရခြင်းအသွင်သဏ္ဌာန်များ မြင်တွေ့နေ ရသည်။
နန်းကိန္နရီနှင့်စပ်၍ ခင်ရသော မျိုးထွန်းသိန်းကိုမူ ဒေါ်ရေနံ့သာခင်ခင်ကြီး၏စိတ်မှာ    စနောင့်စနင်း မဖြစ်မိလှပေ။ ထိုကလေးကိုတော့ မြင်လျှင်မြင်ချင်း မှာပင် ခင်မင်မိသည်ဟုထင်သည်။ သူ၏ ဣန္ဒြေရ သော်လည်း ဟာသပါသော စကားပြောဟန်ဆိုဟန် ကို နှစ်ခြိုက်မိသည်။  ဆရာတစ်ယောက်ဖြစ်နေ   သည်ဆိုခြင်းကြောင့် သူ့သိက္ခာကို ယုံကြည်သည်။
မျိုးထွန်းသိန်းအပေါ် နန်းကိန္နရီ ဆက်ဆံပုံကိုမူ မနှစ်သက်လှ။ လိုက်လျောလွန်းသည်ဟု ထင်သည်။ လိုသည်ထက်ပို၍ ရင်းနှီးမှုပြတတ်ပုံကို သဘော မကျမိ။ သို့ပေမဲ့ သူ့တွင်  ယောက်ျားကလေးမိတ်ဆွေ မရှိ။ အခြား အရှုပ်အယှက်မရှိ။ သူသည် မျက်နှာ များတတ်သော   မိန်းကလေးအမျိုးအစားမဟုတ် သည့်အတွက် ဝမ်းသာရသေးသည်။
မျိုးထွန်းသိန်းက နန်းကိန္နရီအား သူနှင့်ခင်ဖူး သော  အဲလစ်အမည်ရှိ  မိန်းကလေးနှင့်တူသည် ဟူသောစကားကို ဒေါ်ရေနံ့သာခင်ခင်ကြီး စိတ်ဝင် စားမိသည်မှန်ပေမဲ့ ယုံကြည်ခြင်းရှိလှသည်ကား မဟုတ်။ မျိုးထွန်းသိန်းသည် နန်းကိန္နရီနှင့် နီးစပ်မှုရ စေရန်၊ ခင်မင်မှုရစေရန် သည်စကားမျိုး ဖန်တီး ပြောဆိုသည်ဟု  ထင်သည်။  ထို့ကြောင့်လည်း သည်စကားစမိကြလျှင် တကယ်တမ်းပြောဆိုနေ ခြင်း ဟုတ်မဟုတ် စောင့်ဆိုင်းအကဲခတ်မိသော အလေ့အကျင့်ကို ရလာသည်။
မည်သို့ပင်ဆိုစေ ယခုတလော နန်းကိန္နရီ မူပျက် နေသည်ကို ဒေါ်ရေနံ့သာခင်ခင်ကြီး သဘောမကျ မနှစ်ခြိုက်။ အစအရာရာ ပြည့်စုံစွာ ဖန်တီးပေးခဲ့ သည်ဖြစ်၍  ပျော်ပျော်ရွှင်ရွှင်   နေစေချင်သည်။ ရွှင်ရွှင်ပျပျ ရှိစေချင်သည်။ တစ်စုံတစ်ခုသော အခက် အခဲနှင့် ရင်ဆိုင်ရပါက တိုင်တိုင်ပင်ပင် လုပ်စေချင် သည်။   စင်စစ်  လောကတွင်  လက်တွဲဖော်ဟူ၍ မိမိတို့နှစ်ယောက်သာရှိသည်ဟု ဒေါ်ရေနံ့သာခင်ခင် ကြီး ထင်မှတ်ယုံကြည်နေခဲ့မိသည်ပင်။
ဆက်လက်ဖော်ပြပါမည်။