လိဒ်ယူနိုက်တက်တောင်ပံကစားသမား ရာဖင်ဟာကို ခေါ်ယူရန် ချယ်လ်ဆီးအသင်း သဘောတူညီမှုရရှိ

ချယ်လ်ဆီးအသင်းဟာ လိဒ်ယူနိုက်တက်အသင်းမှ ဘရာဇီးတောင်ပံကစားသမား ရာဖင်ဟာကို ပြောင်းရွှေ့ကြေး ပေါင် ၅၅ သန်းနဲ့ စာချုပ်ချုပ်ဆိုခေါ်ယူရန် သဘောတူညီမှုရရှိခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

တောင်ပံကစားသမား ရာဖင်ဟာကို ချယ်လ်ဆီးအသင်းရဲ့ လန်ဒန်မြို့ခံပြိုင်ဘက် အာဆင်နယ် အသင်းကလည်း ခေါ်ယူဖို့ စီစဉ်ခဲ့ပြီး အာဆင်နယ်ဟာ ပြီးခဲ့တဲ့သီတင်းပတ်က တိုက်စစ်မှူး ဂါဘရီယယ်ဂျီးဆပ်ကို ခေါ်ယူအားဖြည့်ခဲ့ပြီးနောက် အသက် ၂၆ နှစ်အရွယ်ရှိ တောင်ပံကစားသမား ရာဖင်ဟာကို ခေါ်ယူဖို့ စီစဉ်လာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ချယ်လ်ဆီးအသင်းက အာဆင်နယ် အသင်းကို ကျော်ဖြတ်ကာ ရာဖင်ဟာကို ခေါ်ယူနိုင် ဖို့နီးစပ်လာခဲ့တာဖြစ်ပြီး ချယ်လ်ဆီးအသင်းဟာ ရာဖင်ဟာကို ခေါ်ယူရန် လိဒ်ယူနိုက်တက်အသင်းနဲ့ သဘောတူညီမှုရရှိထားပြီဖြစ်တာကြောင့် လက်ရှိမှာ ကစားသမားနဲ့ သဘောတူညီမှုရရှိဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။

ချယ်လ်ဆီးအသင်းဟာ မန်စီးတီးအသင်းမှ တောင်ပံကစားသမား စတာလင်ကိုလည်း စာချုပ်ချုပ်ဆို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ပြုလုပ်ထားပြီး စတာလင်ရဲ့ ပြောင်းရွှေ့ကြေးဟာ ပေါင်သန်း ၅၀ ကုန်ကျမှာ ဖြစ်တာကြောင့် စတာလင်နဲ့ ရာဖင်ဟာ နှစ်ဦးပေါင်းပြောင်းရွှေ့ကြေး ပေါင် ၁၀၅ သန်းကုန်ကျမှာလည်း ဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းဟာ နောက်တန်းကစားသမားနှစ်ဦးဖြစ်တဲ့ ရူဒီဂျာနဲ့ ခရစ္စတန်ဆန် တို့ကို အသင်းပြောင်းရွှေ့ခွင့်ပြုထားပြီဖြစ်တာကြောင့် အခု အပြောင်းအရွှေ့အတွင်းမှာ နောက်တန်း ကစားသမားနှစ်ဦးကို ထပ်မံခေါ်ယူသွားဖို့လည်း စီစဉ်နေတယ်လို့ သိရပါတယ်။

ငွေကြယ်