ဇူလိုင်  ၃ရက်တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အကြိုလှုပ်ရှားမှုအဖြစ် သစ်ပင်စိုက်ပျိုးပွဲ နှင့် စာတမ်းဖတ်ပွဲကျင်းပ

နေပြည်တော် ဇွန် ၃၀

 

ဇူလိုင် (၃) ရက်တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အကြို လှုပ်ရှားမှုအနေဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီက ကြီးမှူး၍ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲတွင် ရန်အောင်မြင် ဘုရားအနီး၊ သုခုမလမ်း၊ ဒက္ခိဏသီရိမြို့နယ်၊ နေပြည်တော်ရှိ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် ရုံးတွင်ကျင်းပသည်။

 

ဦးစွာ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ၊ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊  ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်နှင့်ဇနီး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဝင် ညွှန်ကြားရေးမှူးချုပ်များက သတ်မှတ်နေရာများတွင် ကံကော်ပင်များကို ဦးဆောင်စိုက်ပျိုးပေးကြပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော်ကောင်စီ အမျိုးသမီးကော်မတီဝင်များ၊ ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများ၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းနှင့် မြန်မာနိုင်ငံအမျိုးသမီး အားကစားအဖွဲ့ချုပ်မှ အဖွဲ့ဝင်များက သတ်မှတ်နေရာအသီးသီးတွင် ပျိုးပင်ပေါင်း (၁၂၉) ပင် စိုက်ပျိုးပေးခဲ့ကြသည်။

 

ဆက်လက်၍ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်က ဦးစီး၍  မြန်မာအမျိုးသမီးများနေ့အကြို စာတမ်းဖတ်ပွဲ အခမ်းအနားကို အဆိုပါရုံး အဆောက်အအုံတွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၊ ဥက္ကဋ္ဌဒေါက်တာသက်သက်ဇင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ စာတမ်းဖတ်ပွဲတွင် ပါမောက္ခဒေါက်တာဒေါ်ခင်ဆွေမြင့်က သဘာပတိ အဖြစ်ဆောင်ရွက်ပြီး “အမျိုးသမီးနှင့် အာဆီယံလုပ်ငန်းစဉ်” စာတမ်းကို စာတမ်းရှင် ဦးကျော်မျိုးသန့်၊ ညွှန်ကြားရေးမှူး၊ လူမှုဝန်ထမ်း ဦးစီးဌာနမှလည်းကောင်း၊ “ကျား၊ မအခြေပြု ညီမျှမှုနှင့် အမျိုးသမီးများ အခွင့်အရေး ဥပဒေရှုထောင့်မှ လေ့လာခြင်း” စာတမ်းကိုစာတမ်းရှင် ဒေါ်အိအိဖြိုး၊ အတွင်းရေးမှူး၊ ဥပဒေရေးရာ လေ့လာရေးနှင့် အကြံပြုရေး လုပ်ငန်းအဖွဲ့၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်ကလည်းကောင်း၊ “ပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာပေးရာတွင် အမျိုးသမီးများ၏ အရေးပါမှု” စာတမ်းကို   ဒေါ်မာမာသီ၊ ဒုတိယညွှန်ကြားရေးမှူး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနကလည်းကောင်း ဖတ်ကြားကြပြီး တက်ရောက်လာသူများမှ  ဆွေးနွေးမေးမြန်းမှုများကို ဖြေကြားရှင်းလင်းခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်